ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟွိုက်လန်းက ယခုတပတ် စနေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးပွဲကို ဝင်ရောက် ကစားဖွယ် ရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက ယခု နွေဈေးကွက်အတွင်းမှာ အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် အတ္တလန်တာထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ပေးချေဖို့ သဘောတူထားပါတယ်။

 

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်ပိုင်း အားနည်းချက်အတွက် ဟွိုက်လန်းကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် ဟွိုက်လန်းက အတ္တလန်တာနဲ့ ခြေစမ်းပွဲတွေ ဝင်ကစားရင်း ကျောဒဏ်ရာ ရခဲ့တာကြောင့် ဟွိုက်လန်းဟာ ယူနိုက်တက်ရဲ့ ရာသီအဖွင့်ပွဲ ၂ပွဲကို လွဲချော်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ဟွိုက်လန်းကို ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝမှ အသင်းအတွက် အသုံးပြုဖို့ ဆုံးဖြတ်ထားပြီး ယခုတပတ်မှာတော့ ဟွိုက်လန်းက ကျောဒဏ်ရာကနေ ပြန်လည် သက်သာလာသလို အသင်းနဲ့အတူ စတင်ကာ လေ့ကျင့်ခန်း ဆင်းနေပါပြီ။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunသတင်းဌာနရဲ့ ဖော်ပြချက်အရ ဟွိုက်လန်းက ယခုတပတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ် တချို့မှာ ပါဝင်ကာ လေ့ကျင့်ခဲ့သလို သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားက တိုးတက်လာတာကြောင့် ယခုတပတ်မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ လူစာရင်းထဲ ပါဝင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိနေပေမယ့် ပွဲထွက် ကစားခွင့် ရဖို့ မလွယ်သေးပဲ လူစားဝင် ကစားသမား အဖြစ်သာ ဝင်ရောက် ကစားဖို့ ရာခိုင်နှုန်း များနေပါတယ်။