MySport Myanmar

ဒိန်းမတ်ကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အဓိကပစ်မှတ် ကစားသမား တဦး ဖြစ်သူ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကေး တယ်လ်ဘော့က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မာရှယ်နဲ့ ရက်ဖို့ဒ်တို့ နှစ်ဦးထဲသာ ရှိတဲ့ တိုက်စစ်ပိုင်း အတွက် ဒိန်းမတ် လူငယ် တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ဟွိုက်လန်းတို့ ကြားထဲမှာ တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။

Photo Credit: The Analyst

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန်တာနဲ့အတူ စတင် တောက်ပလာတဲ့ မျက်နှာသစ် ကစားသမား တဦး ဖြစ်ပြီး ဟွိုက်လန်းက အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဟွိုက်လန်းက အရပ်အမောင်း မြင့်မားသလို တိုးအား ၊ ရုန်းအား ကောင်းတဲ့ အထောင်တိုက်စစ်မှူး ဖြစ်တာကြောင့် ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်က သူ့ကို အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်နေပြီး ဟွိုက်လန်းကလည်း မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးရဲ့ စိတ်ဝင်စားမှုကို ရရှိနေချိန်မှာ အတ္တလန်တာကို စွန့်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Times ၊ Guardians စတဲ့ သတင်းဌာနတွေရဲ့ ပင်တိုင် သတင်းထောက် တယ်လ်ဘော့ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယနေ့ညနေမှာပဲ ဟွိုက်လန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဟွိုက်လန်းက မကြာခင်မှာပဲ အသင်းပြောင်းခွင့် ပေးဖို့ အတ္တလန်တာဆီ တရားဝင် တောင်းဆိုတော့မယ်လို့ သိရပါတယ်။

အတ္တလန်တာက ယူရို ၁၇သန်းကျော် သုံးစွဲကာ ခေါ်ယူထားရတဲ့ ဟွိုက်လန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော် လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဟွိုက်လန်းအတွက် ယူရို ၅၀သန်း ဝန်းကျင်သာ သုံးစွဲချင်နေတာကြောင့် နှစ်သင်းကြားမှာ ဟွိုက်လန်းရဲ့ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရသေးတာ ဖြစ်ကာ ဟွိုက်လန်းက အသင်းပြောင်းခွင့် တောင်းခံလာမယ် ဆိုရင်တော့ အတ္တလန်တာဟာ သူတို့ရဲ့ ခေါ်ဈေးကို လျှော့ပေးရဖွယ် ရှိနေကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version