မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းက သူဟာ လာမယ့်ဘောလုံးရာသီတွေမှာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ပြီး အခွင့်အရေးတွေ ရလာရင်လည်း ဂိုးများစွာ သွင်းယူနိုင်မှုသူ ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှ အတ္တလန်တာအသင်းကနေ မန်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၂၁)နှစ်အရွယ် ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲ ကစားထားပြီး (၁၅)ဂိုးသွင်း (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : ESPN

တကယ်တော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း မခေါ်ယူနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်းအစား ပရီးမီးယားလိဂ် အတွေ့အကြုံ လုံးဝမရှိသလို အတ္တလန်တာမှာတောင် ပွဲ (၃၀)ကျော်လေးသာ ကစားထားရတဲ့ ဟွိုင်လန်းကို ပေါင် (၇၂)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဟွိုင်လန်းဟာ ယူန်ိုက်တက်မှာ အသင်းဖော်တွေရဲ့ ဂိုးဖန်တီးမှု သိပ်မရရှိတဲ့အပြင် သူကိုယ်တိုင်ပါ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း သူ့အနေနဲ့ကတော့ ပရီးမီးယားလိဂ်မှာ အသားကျလာပြီး ယူနိုက်တက်အတွက်လည်း အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဖွင့်ဟလာပါတယ်။

Photo Credit : Fabrizio Romano

“မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တကယ့်ကို အသင်းကြီး တစ်သင်းပါ။ နောက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ဆိုတာကလည်း တကယ်ကို ကြီးမားတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ ဒီအသင်းနဲ့ ဒီပြိုင်ပွဲဆီ ရောက်လာပြီဆိုရင် လူတွေက ခင်ဗျားကို အရင်ကထက် ပိုပြီး အာရုံစိုက်လာကြလိမ့်မယ်။ အစပိုင်းမှာတော့ ခက်ခဲခဲ့ရပါတယ်။”

“အခုကတော့ ကျွန်တော် တည်တည်ငြိမ်ငြိမ်လေး ရှိနေပါပြီ။ ကျွန်တော်နဲ့ ပတ်သက်ပြီး ပြောနေဆိုနေတာတွေကိုလည်း စိုးရိမ်နေခြင်း မရှိတော့ပါဘူး။ ကျွန်တော်က ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။ ကျွန်တော်က အခွင့်အရေးတွေသာ ရလာခဲ့မယ်ဆိုရင်လည်း ဂိုးတွေ အမြောက်အများ သွင်းယူနိုင်ပါလိမ့်မယ်။” လို့ ဟွိုင်လန်းက ပြောဆိုသွားခဲ့ပါတယ်။