ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်သူ ဟော့ဖ်မန်းကတော့ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် နံပါတ်တစ် ဂိုးသမားလည်း ဖြစ်တဲ့ နူအာဟာ ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ဂိုးသမားပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့်ဂိုးသမား နူအာက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် လက်ရှိအချိန်အထိ ထိပ်တန်းအဆင့် လက်စွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သလို ဂျာမန် ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ဂိုးသမား အဖြစ်ပါ သတ်မှတ်ခံထားရတဲ့သူပါ။

Photo Credit: Bild

နူအာက ၂၀၁၁ခုနှစ်မှာ ရှော်ကေးကနေ ဘိုင်ယန်မြူးနစ်ထံ ဂိုးသမား တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီ လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ဆယ်စုနှစ် တစုကျော်ကြာ သိမ်းပိုက်ခဲ့သူ တဦး ဖြစ်သလို သူ့ရဲ့ ဂိုးဧရိယာပြင်ပ အထိ ထွက်ကာ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားလေ့ ရှိတဲ့ ကစားပုံကြောင့် ဘောလုံးလောက အတွင်းမှာ Sweeper Keeper ဆိုတဲ့ ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ဂိုးသမားတွေ ပြန်လည် ခေတ်စားလာခဲ့တာပဲ ဖြစ်ပါတယ်။

နူအာဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ယူရိုဖလားကလွဲရင် ရနိုင်တဲ့ ဆုဖလား အားလုံးကို ရရှိထားသူ ဖြစ်ပြီး ဘွန်ဒက်လီဂါဖလား ၁၀ကြိမ် ၊ ချန်ပီယံလိဂ် ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ ဥရောပစူပါဖလား ၂ကြိမ် ၊ ဂျာမန်ဖလား ၆ကြိမ် ၊ ဂျာမန်စူပါဖလား ၆ကြိမ် ၊ ကမ္ဘာ့ဖလား ၁ကြိမ်နဲ့ ယူ-၂၁ ဥရောပဖလား ၁ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Bild

ဒါကြောင့်ပဲ ဟော့ဖ်မန်းက နူအာကို ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ဂိုးသမား အဖြစ် အမည်တပ် ချီးကျူးသွားခဲ့တာပါ။

ဟော့ဖ်မန်းက – “မန်နျူရယ် နူအာက ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ဂိုးသမားပါ။ ဘာကြောင့်လဲ ဆိုတော့ တည်ငြိမ်တဲ့ လက်စွမ်းကောင်း တရပ်ကို ၁၅နှစ် အထိ ထိန်းသိမ်းနိုင်ပြီး နှစ်တိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း သက်သေပြထားနိုင်လို့ပါ။ သူ့ရဲ့ လက်စွမ်းနဲ့ မှတ်တမ်းတွေက လုံးဝကို ပြိုင်ဘက်ကင်းပါတယ်။ ကမ္ဘာ့နံပါတ်တစ် ဂိုးသမား ဖြစ်ဖို့က ခက်ပေမယ့် ၁၅နှစ်လုံးလုံး ကမ္ဘာ့နံပါတ်တစ် ဂိုးသမား နေရာကို ထိန်းသိမ်းထားနိုင်ဖို့က ပိုခက်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။