ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြစ်သူဆာရီက သတင်းမီဒီယာတွေမှာ ဖော်ပြနေသလိုမျိုး သူဟာ သူကိုင်တွယ်တဲ့အသင်းတွေမှာ ကစားသမားများစွာနဲ့ မကြာခဏ စကားများရန်ဖြစ်ရတာမျိုးမဟုတ်ပဲ သူနဲ့အမြဲလိုလို အငြင်းအခုံဖြစ်ရတဲ့ ကစားသမားက တစ်ယောက်တည်းသာရှိပြီး ဒီကစားသမားက သူနဲ့ အသင်း(၃)သင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဝါရင့်တိုက်စစ်မှူး ဂွန်ဇာလိုဟီဂွာအင်သာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အားကစားသတင်းစာမျက်နှာတွေမှာ ဆာရီက သူရဲ့အသင်းသားတွေနဲ့ အမြဲလိုလို စကားများရန်ဖြစ်လေ့ရှိတယ်လို့ ရေးသားဖော်ပြလာခဲ့တာကို ဆာရီဘက်က ပြန်လည်ဖြေရှင်းလာခဲ့ပြီး သူနဲ့ တကယ်တမ်း စကားများတဲ့ကစားသမားက ဟီဂွာအင်ပဲရှိတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဆာရီက “ကျွန်တော်က ကစားသမားတိုင်းနဲ့ ရန်ဖြစ်နေတယ်ဆိုတာတွေကို သတင်းတွေမှာ အမြဲလိုလို တွေ့နေရတယ်။ တကယ်တော့ ကျွန်တော်နဲ့ စကားများရတဲ့ ကစားသမားက ဟီဂွာအင်တစ်ယောက်တည်းပါပဲ။ အဲ့ဒါကတော့ ဘာကြောင့်လဲတော့ ကျွန်တော်လည်း သေချာမသိဘူး။ ဖြစ်နိုင်တာကတော့ သူရဲ့အကောင်းဆုံးပုံစံတွေကို ပြန််လည်ရရှိနိုင်ဖို့အတွက် သူ့မှာ ပြင်းပြတဲ့ ဆန္ဒတွေလိုအပ်နေတယ်ထင်တယ်”

Photo Credit : Goal

“စိတ်ပိုင်းဆိုင်ရာအရ သူက အဆင်ပြေတယ်။ ရုပ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော်လည်း မပြောတတ်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီနောက်ပိုင်းမှာ သူက အတတ်အကျများတာကို။ တစ်နေ့နေ့မှာတော့ သူ့ကိုပိတ်ဆို့ထားတဲ့ အရာအားလုံးကို ဖြိုခွင်းနိုင်အောင်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ သူရဲ့စိတ်ခံစားချက်တွေ ကျဆင်းနေမယ်ဆိုရင် ဒါကို သူအနေနဲ့ ဂရုစိုက်သင့်တယ်။ အမြင့်ဆုံးကို ရောက်နေပြီဆိုရင်လည်း အရမ်းစိတ်ဝင်ကြီးနေတာမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်ရမယ်။ ဘာလို့လဲဆိုတော့ သူက အဲ့ဒီလိုစိတ်တွေကို အကြာကြီးသယ်ဆောင်သွားတတ်လို့ပါ” ဆိုပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဆာရီနဲ့ဟီဂွာအင်တို့နှစ်ယောက်ဟာ နာပိုလီ ချယ်လ်ဆီးနဲ့ ဂျုဗင်တပ်စ်အသင်းတို့တွေမှာ အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ဖူးသူတွေဖြစ်ခဲ့ကာ နာပိုလီမှာ အတူရှိစဉ်တုန်းကတော့ ဟီဂွာအင်ရဲ့ခြေစွမ်းတွေက အတောက်ပဆုံး ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ အာဂျင်တီးနား တိုက်စစ်ကစားသမားက ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့သလို အသင်းအတွက် သွင်းဂိုးသွင်းယူမှုနှုန်းလည်း ကျဆင်းနေပြီဖြစ်လို့ လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းချခံရဖွယ်ရှိနေသလို ဒီတစ်ကြိမ်က ဆာရီနဲ့ လက်တွဲခွင့်ရတဲ့ နောက်ဆုံးသောအကြိမ်လည်း ဖြစ်သွားနိုင်ပါတယ်။