ဂျုဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ တိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဂွန်ဇာလို ဟီဂူအင် ကတော့ သူ့အတွက် ယနေ့ခေတ် ဘောလုံးလောက မှာ အကောင်းဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ခဲ့တဲ့ အခါမှာ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ကို မရွေးချယ်ပဲ ချန်လှပ်သွားခဲ့ပါတယ်။ ရိုနယ်ဒို နဲ့ မက်ဆီ အတွဲဟာ ဥရောပ ဘောလုံးလောကမှာ ဆယ်စုနှစ် တစ်ခု အကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ အပြင် နှစ်ဦးစလုံးကလည်း ဘော်လွန်းဒီအော် ဆုတွေ အသီးသီးရရှိထားတဲ့ ကမ္ဘာ့အဆင့်မီ ကစားသမားတွေလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ ဒါပေမယ့်လည်း ဟီဂူအင် ကတော့ ယနေ့ခေတ် ဘောလုံးလောက အကောင်းဆုံး သုံးဦး မှာ ရိုနယ်ဒို နဲ့ မက်‌ဆီ ကို အံ့ဩစရာ ကောင်းလောက်အောင်ပဲ မရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sports Bible

ဟီဂူအင် ဟာ ရိုနယ်ဒို နဲ့ မက်ဆီ ကို မရွေးချယ်ပဲ အကောင်းဆုံး ကစားသမား သုံးဦး အဖြစ် ရောဘတ် လီဝမ်ဒေါ့စကီး၊ ကရင်း ဘန်ဇီးမား နဲ့ အားလင်း ဟားလန်း တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ ဟီဂူအင်က အဆိုပါ အကြောင်းနဲ့ ပတ်သက်ပြီး အခုလို ဖြေကြားခဲ့ပါတယ်။ “ ကျွန်တော့် အတွက်တော့ အခုလက်ရှိမှာ လီဝမ်ဒေါ့စကီး၊ ဟားလန်း နဲ့ ဘန်ဇီးမား တို့က အကောင်းဆုံး ကစားသမားတွေပါပဲ။ ဘန်ဇီးမားက ကျွန်တော့် အတွက် အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ဖြစ်ခဲ့တာပါ။ လီဝမ်ဒေါ့စကီး ကတော့ သူပါဝင်ကစားတဲ့ ပွဲတိုင်း ဂိုးသွင်းနိုင်ပြီး အနိုင်ရလဒ်ကို ပုံဖော်နိုင်တဲ့ ကစားသမားမျိုးပါ။ ဟာလန်း ကကျ အနာဂါတ်မှာ ပိုတောက်ပလာမယ့် ကစားသမားမျိုးပါပဲ။ သူ့ခြေစွမ်းတွေက ကျွန်တော့်ကို အံ့အား သင့်စေပါတယ်။ သူက တိုက်စစ် ကစားသမားကောင်း တစ်ယောက်ပါ ” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Sports Bible

ဟီဂူအင် ဟာ ဆက်လက်ပြီး သမိုင်းတစ်လျှောက် သူ့အတွက် အကောင်းဆုံး တိုက်စစ်ကစားသမား အချို့ကို လည်း ပြောပြခဲ့ပါတယ်။ “ သမိုင်းတစ်လျှောက် ကစားသမားတွေလို့ ဆိုရင် ကျွန်တော်တို့မှာ ဆွာရက်ဇ်၊ လီဝမ်ဒေါ့စကီး၊ ကာဗာနီ၊ ဘန်ဇီးမား၊ ဒေးဗစ် ဗီလာ နဲ့ အီဘရာဟီမိုဗစ် စတဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော့် အတွက် အကောင်းဆုံး ကစားသမားလို့ဆိုရမယ့် သူက အခုတော့ ကောင်းကင်ဘုံမှာ ရောက်ရှိနေပါပြီ။ သူ ကတော့ ဘရာဇီးရဲ့ ဂန္တဝင် တစ်ဦးဖြစ်တဲ့ ရိုနယ်ဒို နာဇာရီရို ပဲ ဖြစ်ပါတယ်။ ကျွန်တော် ရိုနယ်ဒို လို အမြဲဖြစ်ချင်ခဲ့တယ်။ ကျွန်တော် အမြဲတမ်း သူ့ပုံစံကို အတုခိုး ပြီး ကစားချင်ခဲ့တယ် ” လို့ ဆိုပါတယ်။ ဟီဂူအင် ဟာ ရိုနယ်ဒိုကို ချီးမကျုးခဲ့ပေမယ့် မက်ဆီကိုတော့ ချီးကျုးခဲ့ပါတယ်။ “ အဲ့ဒါက မှော်ဆန်လွန်းတယ်။ အရာအားလုံးက သူ့အတွက် သာမန်လိုပဲ။ သူက အဲ့ဒီနည်းနဲ့ မွေးဖွားခဲ့တာ။ ဘောလုံးပါရမီက သူ့ ဒီအန်အေ ထဲမှာ မွေးကတည်းက ပါလာခဲ့တာ။ ကျန်တဲ့ ကစားသမားတိုင်းက အဲ့ဒါကို( ပါရမီ ) ကို ရဖို့ ကြိုးစားရပေမယ့် လီယို အတွက်တော့ သာမန် ကိစ္စလိုပဲ။ အဲ့ဒါက သူ့ကို အခြား ကစားသမားတွေ နဲ့ ကွဲပြားနေစေတာပဲ ” လို့ ပြောဆိုလိုက်ပါတယ်။