ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟီဂူအင်ကတော့ လက်ရှိ သူ ကစားနေတဲ့ အင်တာ မိုင်ယာမီအသင်းဟာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း မက်ဆီကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် မေဂျာလိဂ်အသင်း တသင်း ဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အသင်းတသင်း ဖြစ်ပြီး အသင်းထံ ကြယ်ပွင့် ကစားသမား များစွာကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Republic World

 

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် မိုင်ယာမီအသင်း ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ အသင်းထံ လာရောက် ကစားဖို့ မက်ဆီကို ဖိတ်ခေါ်ထားပါတယ်။

အမေရိကန် အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာန တချို့ကတော့ ဘက်ခမ်းဟာ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာပါက မိုင်ယာမီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

Photo Credit: Republic World

လက်ရှိမှာတော့ မိုင်ယာမီ တိုက်စစ်မှူး ဟီဂူအင်က သူ့ရဲ့ အသင်းဟာ မက်ဆီကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားနေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ဟီဂူအင်က – “ ကျွန်တော်က ဒုက္ခ မရောက်ချင်ပါဘူး။ ဒါကြောင့် မက်ဆီနဲ့ မိုင်ယာမီအသင်းကြားမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မပြောချင်ဘူးဗျ။ အခု သူက ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ် စာချုပ် ရှိနေပါတယ်။ အသင်းကတော့ သူ့ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ကြာပါပြီ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့ဗျာ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။