စီးရီးအေကလပ် အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ဂျူဗင်တပ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းကာ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့တော့မယ် လို့ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အင်တာမိုင်ယာမီအသင်း ဟာ မေဂျာလိဂ်ရဲ့ အသင်းသစ် တစ်သင်း ဖြစ်ပြီး ယခုနှစ် မေဂျာလိဂ် ဘောလုံးရာသီမှာ ပထမဦးဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ကာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်ဟာ ဂျူဗင်တပ်အသင်းမှာ အချိန်အတော်ကြာအောင် ရှိနေခဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ လုပ်ခလစာ ကြီးမြင့်မှုကြောင့် ဂျူဗင်တပ်အသင်းဟာ သူ့ကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ စဉ်းစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းနဲ့ ဟီဂူအင်တို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ ဥရောပရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ Fabrizio Romanoရဲ့ အဆိုအရတော့ ဟီဂူအင်ဟာ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာတော့ အမေရိကန်နိုင်ငံဆီ သွားရောက်ကာ အပြီးသတ် စာချုပ် ချုပ်ဆိုတော့မယ် လို့ သိရပါတယ်။

Photo Credit: Standard

အင်တာမိုင်ယာမီ အသင်းဟာ တစ်ချိန်က မန်ယူအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အေစီမီလန်အသင်းတို့မှာ ကစားဖူးကာ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကစားသမား ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ ဘောလုံးအသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ အင်တာ မိုင်ယာမီအသင်းဟာ မကြာခင်ကလည်း ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ မာတွီဒီကို ခေါ်ယူထားတာကြောင့် ဟီဂူအင်ဟာ အင်တာ မိုင်ယာမီအသင်းမှာ မာတွီဒီနဲ့အတူ တွဲဖက် ကစားခွင့် ရတော့မှာ ဖြစ်ပြီး ဟီဂူအင်လို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ရရှိလိုက်တာကြောင့် အင်တာ မိုင်ယာမီအသင်းရဲ့ ရလဒ်ပိုင်းတွေဟာလည်း ယခင်ကထက် ပိုပြီး တိုးတက်လာဖွယ် ရှိပါတယ်။