အေဂျက်စ်အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒွန်နီဗန်ဒီဘိတ်ခ်ကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်ကနေ သေချာပေါက်ကို ထွက်ခွာသွားဖို့ရှိနေပြီး လတ်တလောမှာတော့ နည်းပြရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း
ကစားသမားကိုယ်တိုင်ကတော့ စပိန်လာလီဂါအသင်းတွေထက် အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒီဘိတ်ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကို အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိရောက်အောင် ပို့ဆောင်ပေးထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ်နဲ့ ယူနိုက်တက်တို့လို အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုတွေကို ပိုင်ဆိုင်လာခဲ့သူ ဖြစ်လာခဲ့ရပါတယ်။ ဗန်ဒီဘိခ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ နီးစပ်ခဲ့သေးပေမယ့်လည်း ကိုဗစ်ဖြစ်ပြီးနောက်မှာတော့ အသင်းရဲ့စီးပွားရေးအခြေအနေ မတည်မငြိမ်ဖြစ်လာခဲ့လို့ ခေါ်ယူမယ့်အစီအစဉ်က ပျက်ခဲ့ရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာလည်း နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ရော်နယ်ကိုးမန်းက သူရဲ့အသင်းသစ် ဘာစီလိုနာအသင်းဆီကို ဗန်ဒီဘိတ်ခ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိလို့နေပြီး ကမ်းလှမ်းမှုတွေကိုလည်း စတင်ပြုလုပ်လာဖွယ် ရှိနေပေမယ့်လည်း ဗန်ဒီဘိတ်ခ်ကိုယ်တိုင်ကတော့ လာလီဂါထက် ပရီးမီးယားလိဂ်မှာသာ သွားရောက်ကစားချင်နေပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဗန်ဒီဘိတ်ခ်ကို ဘယ်ပရီးမီးယားလိဂ် ကလပ်အသင်းကမှ ကမ်းလှမ်းထားခြင်းမရှိသေးပဲ ယူနိုက်တက်အသင်းလောက်ပဲ စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပါတယ်။ ဗန်ဒီဘိတ်ခ်ကတော့ အေဂျက်စ်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး အသင်းမှာလည်း ပျော်ရွှင်နေသူဖြစ်ပေမယ့် အတွေ့အကြုံအသစ်တွေ လိုချင်နေလို့သာ အသင်းပြောင်းချင်နေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အခုနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဗန်ဒီဘိတ်ခ် အိုနာနာနဲ့ တာဂလီယာဖီကိုတို့ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အေဂျက်စ်နည်းပြတန်ဟတ်ကိုယ်တိုင် ဝန်ခံပြောဆိုထားခဲ့ပြီး အသင်းကို ပြောင်းလဲမှုများစွာပါ လုပ်ဆောင်သွားရဖို့ ရှိနေတယ်လို့လည်း ပြောဆိုထားခဲ့ပါတယ်။