အာရှဂုဏ်ဆောင်လို့ ချစ်စနိုးနဲ့ နာမည်အပေးခံရတဲ့ တောင်ကိုးရီးယား လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ဘန်လေအသင်းနဲ့ ပွဲစဉ်က ဆွဲပြေး သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံး သွင်းဂိုးဆုကို ရရှိသွားနိုင်ခဲ့ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်လေအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ ဧရီယာ စည်းထိပ်အကျော်ကနေ တစ်ဖက်အသင်းရဲ့ ဂိုး ဧရီယာအထိ တစ်ကိုယ်တော် ဆွဲပြေးပြီး အလှပဆုံး သွင်းဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Skysport

စပါးအသင်းဟာ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလက ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာတာ့ ဟယ်ရီ ကိန်းရဲ့ သွင်းဂိုး (၂) ဂိုး၊ မော်ရာရဲ့ သွင်းဂိုး (၁) ဂိုး၊ ဆွန်ရဲ့ သွင်းဂိုး (၁) ဂိုး နဲ့ ဆစ်ဆိုကိုရဲ့ သွင်းဂိုး (၁) ဂိုးတို့ကြောင့် (၅-ဝ) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ဘန်လေအသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တတိယမြောက်ဂိုးကို တစ်ကိုယ်တော် သွင်းယူခဲ့တာ ဖြစ်ပြီး လှလွန်းတဲ့ သွင်းဂိုး ဖြစ်တာကြောင့် လက်ရှိရာသီမှာတော့ တစ်ရာသီ အကောင်းဆုံး သွင်းဂိုးဆုကိုလည်း ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: SkySport

စပါး နည်းပြ ဖြစ်သူ မော်ရင်ဟိုကလည်း ဘန်လေအသင်းကို (၅-ဝ) နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အချိန်မှာတော့ အသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ဘရာဇီး လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒို နာဇာရီယိုနဲ့ ခိုင်နှိုင်းခဲ့ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုက “ဆွန်ဟောင်မင်ရဲ့ ဒီသွင်းဂိုး မတိုင်ခင်ကတည်းက ကျွန်တော့်ရဲ့ သားက သူ့ကို ဆွန်နယ်ဒို၊ ဆွန်နယ်ဒို နာဇာရီယို ခေါ်နေခဲ့ပြီး ဒီနေ့ ပွဲစဉ်မှာတော့ သူက ဆွန်နယ်ဒို နာဇာရီယို ဖြစ်သွားခဲ့ပါတယ်”လို့ ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ကစားသမားဘဝရဲ့ ဘဝမှာ ပထမဆုံး အကြိမ် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ရာသီ အကောင်းဆုံး သွင်းဂိုးဆုကို ရရှိသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။