လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတို့ အကြိတ်အနယ်ကို ယှဉ်ပြိုင်နေကြသလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှတ်တမ်း တစ်ခုအတွက်ကိုလည်း လီဗာပူးလ်အသင်းသားတွေနဲ့ စပါးအသင်းသားတွေက အပြိုင်အဆိုင်ကို ဖြစ်နေကြပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှု အကြိမ်ရေ (၅၀)အထိ ပြည့်မြောက်သွားဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဆာလာ အာနိုး ဖေမီနို ရောဘတ်ဆန်တို့နဲ့ စပါးအသင်းသားတွေဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့က အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

Photo Credit : Sport Illustrated

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အမှတ်ပေးချန်ပီယံဆုအတွက် အားပြိုင်ပွဲက တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် အသင်းနှစ်သင်းကြား ချန်ပီယံဆုအတွက် တိုက်ပွဲက ရာသီကုန်အထိ ဆက်လက်ရင်ခုန်ရဦးမှာ ဖြစ်သလို ဒီပွဲစဉ်နဲ့ စပါးအသင်းက ဗီလာအသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကြောင့်လည်း လီဗာပူးလ်နဲ့ စပါးအသင်းတို့ရဲ့ကြားမှာ ကစားသမားတွေချင်း အားပြိုင်မှုက ပိုမိုပြင်းထန်လာခဲ့ရပါတယ်။ ဒီအားပြိုင်မှုကတော့ ပရီးမီးယားလိဂ်မှာ assists အရေအတွက်ပေါင်း (၅၀)ထိ ပြည့်မြောက်ဖို့ပဲ ဖြစ်ပါတယ်။

Photo Credit : Flash Sport

ဒီလို အားပြိုင်နေကြတဲ့ ကစားသမားတွေထဲမှာ လီဗာပူးလ် ဘယ်နောက်ခံကစားသမား ရောဘတ်ဆန်က အခြားကစားသမားတွေအားလုံးထက် အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး assist တစ်ကြိမ်လေး ဖန်တီးနိုင်လိုက်တာနဲ့တင် ဂိုးဖန်တီးမှု အကြိမ်ရေ (၅၀)ကို ပြည့်မြောက်သွားမှာ ဖြစ်ပါတယ်။ ရောဘတ်ဆန်ရဲ့ နောက်မှာတော့ သူရဲ့အသင်းဖော်တွေဖြစ်တဲ့ မိုဆာလာ ဖေမီနိုနဲ့ အာနိုးတို့က assists (၄၅)ကြိမ်စီ ပြုလုပ်ထားနိုင်ခဲ့ပြီး assists (၅၀)ပြည့်မြောက်ဖို့အတွက်ကိုလည်း အခြေအနေကောင်းလို့နေပါတယ်။ ဒီကစားသမားတွေထဲကမှ ရောဘတ်ဆန် အာနိုးတို့က ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဂိုးဖန်တီးမှုတွေ ပုံမှန်လုပ်ဆောင်လျက် ရှိနေသလို မိုဆာလာကလည်း ဂိုးလည်းသွင်း ဂိုးလည်းဖန်တီးနိုင်တာကြောင့် ဒီကစားသမား(၃)ဦးလုံးက assists (၅၀)ပြည့်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ရင်ဆိုင်ရမယ့် ကစားသမားကတော့ စပါးအသင်းရဲ့ ကိုရီးယားသားလေး ဆွန်ပါ။ ဆွန်ကလည်း ဆာလာ အာနိုး ဖေမီနိုတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ assists အကြိမ်ရေ (၄၅)ကြိမ်ထိ ဖန်တီးထားနိုင်ပြီး သူရဲ့အသင်းဖော် ကိန်းကလည်း (၄၂)ကြိမ်ထိ ပြုလုပ်ထားနိုင်တာဖြစ်လို့ ဒီကစားသမားတွေထဲမှာ ဘယ်သူက ဂိုးဖန်တီးမှု အကြိမ်ရေ (၅၀)ကို ရရှိသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။