လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ဟက်စကီးကတော့ လီဗာပူး အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်ဟာ ရက်ဘူးလ် လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၃နှစ်အရွယ် တီမိုဝါနာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပွဲစဉ် ၂၅ပွဲ ကစားထားရာမှာ သွင်းဂိုး၂၁ဂိုး သွင်းယူထားခဲ့ပြီး ၇ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ကာ ယခုနှစ် နွေရာသီမှာ သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေဟာ လစ်ဇက်အသင်းကို စာချုပ်ဖျက်သိမ်းကြေး အနေနဲ့ ပေါင် ၅၂သန်း ပေးချေရမယ်လို့ သိထားရပါတယ်။

Photo Credit: Daily Mail.com

တီမိုဝါနာဟာ လီဗာပူးအသင်းထံမှာ လာကစားဖို့ စိတ်ကူးရှိတဲ့အကြောင်းကို လူသိရှင်ကြား ဖွင့်ဟထားခဲ့သူဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်းအပြင် ချယ်လ်ဆီး ၊ မန်ယူ ၊ ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်တန်းအသင်းကြီးတွေကပါ စိတ်ဝင်စားလို့ နေပါတယ်။ ဒါ့ကြောင့်လဲ လီဗာပူးအသင်း ပရိသတ်တွေက ဝါနာကို ခပ်မြန်မြန်ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုနေကြပြီး ဘောလုံးကျွမ်းကျင်သူတွေကတော့ လီဗာပူးအသင်းဟာ လက်ရှိ ရှိနေတဲ့ တိုက်စစ်အစုအဖွဲ့ကနေ တစ်ဦးဦးကို ရောင်းပြီးမှသာ ဝါနာကို လီဗာပူးအသင်းအနေနဲ့ ခေါ်ယူမှာ ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။ လက်ရှိ လီဗာပူးအသင်းမှာ မာနေး ၊ ဆာလက် ၊ ဖာမီနို ၊ အော်ရီဂီစတဲ့ တိုက်စစ်မှူး လေးဦးအထိ ရှိနေပြီး ဝါနာကို ခေါ်ယူဖို့အတွက် အော်ရီဂီ ဟာ ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။

Photo Credit: Daily Mail.com

ဟက်စကီးကတော့ ကလော့ပ်အနေနဲ့ ဝါနာကို ခေါ်ယူဖို့ သေချာပေါက် ကြိုးစားသွားမှာ လို့ ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ ဟက်စကီးက ” ဝါနာက ငယ်ရွယ်ပြီးတော့ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားခဲ့သူပါ။ ခင်ဗျားက ငယ်ရွယ်တဲ့ ကစားသမားတွေကို ဝယ်ယူတဲ့အခါမှာ သူတို့ဟာ ထိပ်တန်း အဆင့်တစ်ခုမှာ ကစားနိုင်မှာလားဆိုတဲ့ အချက် ကို စစ်ဆေးမှာပါပဲ။ အဲ့ဒီစစ်ဆေးမှုကို လုပ်ဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေက တကယ်ကို တန်ဖိုးရှိတဲ့ ကစားသမားတွေပါ။ ဝါနာက တကယ့်ကို ထူးရှယ်ကစားသမား တစ်ဦးပါ။ သူ့ရဲ့လျင်မြန်မှုကလဲ အတော်လေး အံ့အားသင့်ဖို့ကောင်းတယ်။ ကလော့ပ်ဟာ ဂျာမန်လိဂ်အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒီတော့ သူက ဝါနာကို ခေါ်ယူမယ် ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောရဲတယ် ” လို့ ခန့်မှန်း ပြောဆိုသွားခဲ့တာပါ။