ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဟက်စကီးကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်း အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် လက်စတာ စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တိုင်လီမန်းကို အရ ခေါ်ယူသင့်ကြောင်း တိုက်တွန်းစကား ပြောကြားသွားပါတယ်။ လီဗာပူးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားသလို အခြား ကွင်းလယ်လူတွေ ဖြစ်တဲ့ နာဘီကီတာ ၊ ရှာကွီရီတို့ကိုလည်း ရောင်းချဖို့ စီစဉ်နေတာကြောင့် အသင်းကို ပိုပြီး အင်အား တောင့်တင်းစေမယ့် ကွင်းလယ်လူ တဦးကို ရှာဖွေနေကာ လက်စတာအသင်းရဲ့ ကွင်းလယ်လူ တိုင်လီမန်းဟာ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

အသက် ၂၄နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းဟာ လက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး ကစားအား ကောင်းသလို အသင်းအတွက် လိုအပ်လာရင် အဝေးကန်ချက်နဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်သူလည်း ဖြစ်ပါတယ်။ တိုင်လီမန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ လက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန် ၊ အယ်ကန်တာရာတို့နဲ့ တွဲဖက် ကစားနိုင်မယ့် ကွင်းလယ်လူ တဦးကို ရှာဖွေနေတဲ့ လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်ဟာ တိုင်လီမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး လက်စတာအသင်း ကတော့ တိုင်လီမန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်အထိ အလိုရှိနေပါတယ်။

Photo Credit: Liverpool Echo

ဟက်စကီးကတော့ တိုင်လီမန်းဟာ လီဗာပူးအသင်းရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်တဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ယုံကြည်နေပြီး တိုင်လီမန်းအား ခေါ်ယူဖို့ လီဗာပူးအသင်းကို တိုက်တွန်း အကြံပေးသွားပါတယ်။ ဟက်စကီးက – “တိုင်လီမန်းက အရမ်းကို ကောင်းမွန်တဲ့ ကစားသမားတဦးပါ။ ပြီးတော့ သူက အသင်းတိုင်း ၊ ဘယ်လို ကွင်းလယ် အတွဲအဖက်မျိုးနဲ့မဆို လိုက်ဖက်မယ့် ကစားသမားတဦးလည်း ဖြစ်ပါတယ်။ သူက အရမ်း အရမ်းကို ကောင်းမွန်တဲ့ ရိုးရှင်းတဲ့ အရာတွေ ပြုလုပ်ပြီး ခင်ဗျားတို့ကို စိတ်လှုပ်ရှားစေနိုင်ပါတယ်။ သူ့ဆီကနေ သာမန် ပေးပို့မှုတခု ထွက်လာရင်တောင် ခင်ဗျားတို့က “ဝိုး ဒီပေးပို့မှုက ကောင်းလိုက်တာ” လို့ ပြောရတဲ့အထိ သူ့ရဲ့ ကစားပုံက ကောင်းပါတယ်။ ပြီးတော့ သူ့ရဲ့ မျှောထိုးပေးပို့မှုတွေကလည်း တကယ်ကို အဆင့်အတန်း မီပါတယ်။ ဒါကြောင့်ပဲ သူက ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိတာပါ”

Photo Credit: Liverpool Echo

“ လက်စတာ စီးတီးအသင်းအတွက် တခုကောင်းတာက အသင်းဟာ သူ့ကို ရောင်းချဖို့ မလိုအပ်တာပါပဲ။ သူက အသင်းမှာ ပျော်နေသလို အသင်းကလည်း ငွေကြေးပိုင်းမှာ အကျပ်အတည်း မရှိဘူး။ အခုဆို သူတို့က အက်ဖ်အေဖလား ရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင် ပိုကောင်းမယ် ဆိုပေမယ့် ယူရိုပါလိဂ်ဝင်ခွင့် ရတာကလည်း ကောင်းပါသေးတယ်။ ကျွန်တော်ကတော့ သူဟာ လီဗာပူးအသင်းရဲ့ ကစားပုံနဲ့ ကိုက်ညီမယ့် ကစားသမားလို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့တော့ လက်စတာအသင်းကို ငွေကြေး အမြောက်အများ ပေးချေဖို့ လိုပါလိမ့်မယ်” လို့ ပြောကြား သွားခဲ့တာပါ။