လီဗာပူးလ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဟက်စကီးက ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပိုချက်တီနိုနဲ့ လမ်းခွဲပြီး ဂွါဒီယိုလာ တပည့်ဟောင်း အန်ဇို မာရက်စ်ကာနဲ့ လက်တွဲခဲ့တဲ့ ချယ်လ်ဆီးဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှု အမြောက်အများ လုပ်ဆောင်ထားပြီး အသင်းအတွင်း မတည်ငြိမ်မှုတွေ ရှိလာနိုင်တယ်လို့ ဘောလုံးပရိသတ်တွေက ယူဆခဲ့ကြပေမယ့် လက်ရှိမှာတော့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာထိ ရောက်ရှိနေရပါတယ်။

Photo Credit : The Pride of London

ချယ်လ်ဆီးအသင်းက ဒီရာသီထဲ ပြိုင်ပွဲစုံ (၁၁)ပွဲအထိ ကစားပြီးချိန် (၂)ပွဲတည်းသာ ရှုံးပွဲကြုံထားခဲ့ပြီး (၂)ပွဲသရေနဲ့ (၇)ပွဲအထိတောင် နိုင်ပွဲရထားခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးက ဘုန်းမောက် ဝက်စ်ဟမ်း ဘာရိုး ဘရိုက်တန် KAAဂျန့်အသင်းတို့ကိုပါ (၅)ပွဲဆက်တိုက်အထိပါ နိုင်ပွဲရယူထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဟက်စကီးက “ဒီရာသီမှာ မန်စီးတီး အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကြား ချန်ပီယံပြိုင်ပွဲကို မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။”

“လီဗာပူးလ်အသင်းကိုလည်း ချန်ပီယံပြေးလမ်းမှာ ပါဝင်နေနိုင်ဖို့ ရာနှုန်းပြည့် မျှော်လင့်ပါတယ်။ ဒီလို အသင်းတွေ အပြိုင်အဆိုင် ဖြစ်နေတာက ပရီးမီးယားလိဂ်အတွက် ကောင်းတယ်လို့ ထင်ပါတယ်။ ထိပ်တန်းအဆင့်မှာ ပြိုင်ဆိုင်မှု ကောင်းလေလေ ပရိသတ်တွေအတွက်လည်း ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်လာပါလိမ့်မယ်။”

Photo Credit : Manchester City News

“နောက်ပြီး ချယ်လ်ဆီးအသင်းဟာလည်း ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်း(၃)သင်းကို အနှောင့်အယှက် ဖြစ်စေနိုင်မယ့် အသင်းတစ်သင်းလို့ ကျွန်တော် ထင်မိတယ်။ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ဖလားကိုတောင် စိန်ခေါ်နိုင်ပြီး အသင်း(၄)သင်း ပြိုင်ပွဲမျိုးဖြစ်အောင် လုပ်နိုင်မယ်လို့ ထင်မိပါတယ်။” လို့ သုံးသပ်လိုက်ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ (၇)ပွဲကစား (၁)ပွဲတည်းသာ ရှုံးနိမ့်ထားခဲ့သလို နိုင်ပွဲ (၄)ပွဲထိ ရရှိထားပြီး တိုက်စစ်ကလည်း မန်စီးတီးပြီးရင် ဒုတိယ အကောင်းဆုံး ဖြစ်နေပေမယ့် ဒီတစ်ပတ်မှာတော့ ထိပ်ဆုံးအသင်း လီဗာပူးလ်နဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲမှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။