နာမည်ကျော် လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဟက်စကီးကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်းဟာ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ ဟာလန်း တို့ကို အသင်းထံ ခေါ်ယူမယ့်အစား ဒေါ့မွန် အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကိုသာ ခေါ်ယူသင့်တယ်လို့ ဆိုသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် တစ်ဦး ဖြစ်ခဲ့တဲ့ ဟက်စကီးဟာ တစ်ချိန်က လီဗာပူး အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်ကာ လီဗာပူးအသင်း ပရိသတ်တွေ သဘောကျရတဲ့ တိုက်စစ်မှူးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

လက်ရှိအချိန်မှာ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရတဲ့ ပြည်တွင်း အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်ဖို့ နီးစပ်နေတဲ့ လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီတွေမှာ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်လိုနေပြီး အသင်းရဲ့ တိုက်စစ်မှူး သုံးဦးဖြစ်တဲ့ ဆာလက် ၊ မာနေး ၊ ဖာမီနိုတို့ကို ခေါ်ယူဖို့အတွက် ဘိုင်ယန် မြူးနစ် ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်တန်းအသင်းကြီးတွေက ပစ်မှတ်ထား နေတာကြောင့် တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်ဖို့အတွက် အဓိကထား စီစဉ်နေတာပါ။ လတ်တလောမှာတော့ လီဗာပူးအသင်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြထားနိုင်တဲ့ ဟာလန်းကို ခေါ်ယူဖို့ စောင့်ကြည့် နေတယ်လို့လည်း ဂျာမဏီအခြေစိုက် သတင်းစာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Daily Mail.com

ဟက်စကီးကတော့ သူ့ရဲ့အသင်းဟောင်း လီဗာပူးအသင်းကို အင်္ဂလန် လူငယ်တောင်ပံ ကစားသမားဖြစ်တဲ့ ဆန်ချိုကိုသာ အဓိကထား ခေါ်ယူသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ ဟက်စကီးက ” အမ်ဘာပေ ၊ ဆန်ချို ၊ ဟာလန်းတို့ သုံးယောက်မှာဆိုရင် ဆန်ချိုကို ရွေးချယ်မှာပါ။ အမ်ဘာပေက အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူက သူ့ရဲ့ အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ပြီး တဖြည်းဖြည်းနဲ့ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းအတွက် ရွေးချယ်ပေးရရင် အထောင်တိုက်စစ် ကစားသမားထက် တောင်ပံ ကစားသမားကိုသာ ရွေးချယ်ပေးလိုပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့ သွင်းဂိုးတွေက ထည့်ပြီး စဉ်းစားရမယ့် အရာတစ်ခု ဖြစ်နေပါသေးတယ်။ ကျွန်တော့်ရဲ့ မျိုးချစ်အမြင်နဲ့ ဆုံးဖြတ်ရရင်တော့ ဆန်ချိုကိုပဲ ရွေးချယ်မှာပါ​။ သူက အင်္ဂလန်သား တစ်ဦးဖြစ်သလို ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့လိုမျိုး ကစားဟန်နဲ့ ကစားသမားတွေဟာ ပြိုင်ဘက်ရဲ့ ခံစစ်ကို တောင်ပံကနေ ဖျက်ဆီးပစ်နိုင်တဲ့သူ လို့ ကျွန်တော် ပြောချင်ပါတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။