ဘရာဇီးလ် စူပါစတား ကစားသမား နေမာဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး အပြီးမှာ လက်ရွေးစင်အသင်းကနေ အနားယူသွားတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေခြင်းအပေါ် နေမာရဲ့ စီနီယာ ကစားသမားကြီး ရော်နယ်လ်ဒိုနာဇာရီယိုက နေမာအနေနဲ့ လာမယ့် ၂၀၂၆ကမ္ဘာ့ဖလားမှာပါ အလွယ်တကူ ကစားနိုင်သေးတယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Neymar's private party has Brazil questioning his feelings for the country  - AS USA

Photo Credit : AS USA

လက်ရှိမှာ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်ကစားသမား နေမာဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ဆင်နွဲရင်းနဲ့ အနှစ်(၂၀) အလှမ်းဝေးနေတဲ့ ကမ္ဘာ့ဖလားကို ပြန်လည် သိမ်းပိုက်ဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နေမာရဲ့ ဘရာဇီးလ်အသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ကွာတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရကာ ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရသလို နေမာဟာလည်း ဒီပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားတော့မယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : The Forbes

နေမာဟာ ဘရာဇီးလ်အသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်သလို တကယ့်ကို ထိပ်တန်း ကစားသမားဖြစ်တာကြောင့် ဘရာဇီးလ်အသင်း ပရိသတ်တွေရော ဘောလုံးအသိုင်းအဝိုင်းကပါ လက်ရွေးစင်အသင်းကနေ အနားမယူစေချင်ပဲ လာမယ့် အဓိကပြိုင်ပွဲတွေမှာပါ ဘရာဇီးလ်နဲ့အတူ ဆက်လက် ပါဝင်စေချင်နေကြတယ်။ ဒီထဲမှာ နေမာရဲ့ စီနီယာကြီး ရော်နယ်လ်ဒိုလည်း ပါဝင်နေပြီး နေမာကို လာမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဘရာဇီးလ်အသင်းအတွက် ပါဝင်စေချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ နေမာနဲ့ ပတ်သတ်ပြီး ရော်နယ်လ်ဒိုက “အခုတော့ သူ ဝမ်းနည်းနေတယ် ဆိုပေမယ့် ဒါက အဆင်ပြေပါတယ်။ နောက်ပြီး သူက အသက် ငယ်ပါသေးတယ်။ အသက်(၃၁)နှစ်အရွယ်မှာ သူ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အလွယ်တကူ ကစားနိုင်ပါသေးတယ်။ သူက အခု ဘရာဇီးလ်မှာ အရမ်းကို ရေပန်းစားနေရတယ်။ ဘာကြောင့်လဲဆိုတော့ သူက နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ အကောင်းဆုံး ဖော်ထုတ်နိုင်ခဲ့လို့ပါပဲ။ ခရိုအေးရှားနဲ့ ပွဲမှာဆိုရင်လည်း သူက အရည်အသွေးမြင့် ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး နိုင်ငံအသင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုက ပီအက်စ်ဂျီ စူပါစတား နေမာဟာ ပိုအားကောင်းလာပါလိမ့်မယ်လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။