မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ဇင်ချန်ကိုနေရာ ပြန်လည် အစားထိုး ဖြည့်တင်းသွားဖို့အတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မက်ကူကူရယ်လာကို ပစ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်လာခဲ့ပေမယ့် ဘရိုက်တန်ဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၅၀)အထိ သတ်မှတ်ထားတာကြောင့် သူရဲ့တန်ကြေးကို ကူကူရယ်လာကိုယ်တိုင်ပါ စိတ်ပျက်လျက် ရှိနေပါတယ်။

Photo Credit : Football Espana

မန်စီးတီးအသင်းဟာ ယူကရိန်း ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အသင်းကနေ ရောင်းမထုတ်ခင်ကတည်းက လာမာစီယာ အကယ်ဒမီထွက် စပိန်လက်ရွေးစင် ဘယ်ခြမ်းနောက်ခံလူ ကူကူရယ်လာကို ပစ်မှတ်ထားခဲ့တာဖြစ်လို့ ဇင်ချန်ကို ထွက်ခွာချိန်မှာ ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းမှု စတင်လုပ်ဆောင်ခဲ့ပေမယ့်လည်း ဘရိုက်တန်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၅၀)လောက်အထိ အလိုရှိတယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကတော့ ကူကူရယ်လာအတွက် သူတို့တွေ ညှိနှိုင်းနေဆဲသာ ရှိနေပြီး တကယ်လို့ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်လည်း ကန်ဆယ်လိုက ဘယ်ခြမ်းမှာ ကစားနိုင်သလို နေသန်အကီလည်း left-back မှာ ကစားနိုင်တယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

လက်ရှိ အနေအထားအရ မန်စီးတီးဘက်က ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးကို ထပ်မံတိုးမြှင့်ပြီး ကမ်းလှမ်းလာဖို့ အသင့်ရှိနေပေမယ့်လည်း ဘရိုက်တန် အလိုရှိနေတဲ့ ပေါင်သန်း(၅၀)လောက်အထိ ကမ်းလှမ်းသွားဖွယ် မရှိကြောင်း သိရှိရပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ကူကူရယ်လာအနေနဲ့ အတော်လေးကို စိတ်ပျက်သွားဖွယ် ရှိနေပြီး မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းချက်တွေ မဖြစ်လာခင်ကတည်းက စီးတီးဘက်က သူ့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် သူ့ကို စီးတီးအသင်းဆီ ရောင်းချပေးဖို့ ဘရိုက်တန်အသင်းကို အသိပေးထားခဲ့ပြီး သူကိုယ်တိုင်ကလည်း မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိကြောင်းကို ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာတော့ ကူကူရယ်လာဟာ ဘရိုက်တန်ဘက်ကနေ သတ်မှတ်ထားတဲ့ သူရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)အပေါ်မှာလည်း စိတ်ပျက်လျက် ရှိနေပါတယ်။ ဘရိုက်တန်ကတော့ ကူကူရယ်လာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးသာ အလိုရှိနေပြီး သူ့နေရာမှာလည်း အာဆင်နယ် ဘယ်နောက်ခံလူ နူနိုတာဗာရက်စ်နဲ့ အစားထိုးသွားဖို့ပါ ချိန်ရွယ်လျက် ရှိနေပါတယ်။