MySport Myanmar

ဒီနှစ်ရာသီ အကောင်းဆုံး ခေါ်ယူမှု ဖြစ်စေခဲ့တဲ့ ကစားသမားတစ်ဦးအကြောင်း ဖာဒီနန်ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်စေခဲ့တဲ့ ကစားသမားတစ်ဦးက ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကိုလံဘီယာ တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်သာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၅)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၀) ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၄)ဂိုး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားသလို အသင်းနဲ့ပါ လိဂ်ဖလားတစ်လုံးကို ရယူထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီမြေကနေ အင်္ဂလန်ကို စတင်ခြေချချိန်မှာပဲ အလျင်အမြန် အခြေကျခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာပါ ခြေစွမ်းပြလာခဲ့တဲ့ ဒီယက်ဇ်ကို ဖာဒီနန်က ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ ညွှန်းဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

ဒီယက်ဇ်နဲ့ ပတ်သက်ပြီး ဖာဒီနန်က “လူးဝစ်ဒီယက်ဇ် လီဗာပူးလ်မှာ သူရရှိခဲ့တဲ့ သက်ရောက်မှုတွေ အထူးသဖြင့် ရှေ့တိုင်းဧရိယာတဝိုက်မှာပါ။ သူ ဒီကုုိ ရောက်မလာခင်တုန်းက လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းက ကစားသမားတစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက်သာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် သူတို့အတွက် မလွယ်ကူလောက်ဘူး။ အသင်းရဲ့ အရည်အသွေးတွေ သိသိသာသာ ကျဆင်းသွားလိမ့်မယ်လို့ ကျွန်တော်တို့ ပြောဖူးခဲ့တယ်။ သူ စတင်ပါဝင်လာချိန်ကျတော့ သူက အခု အသင်းရဲ့ တိုက်စစ်(၃)ယောက်တန်းမှာ ပါဝင်ရဖို့ ကြိ်ုးစားနေပါတယ်။ ဖာမီနိုဆိုရင် တိုက်စစ်(၃)ယောက်တန်းမှာ ပါဝင်ရဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် ဖိုင်နယ်မှာသာ သူတို့အသင်းကို အတောင့်တင်းဆုံး အသင်းအဖြစ်နဲ့ ပွဲထွက်လာမယ်ဆိုရင် ဂျိုတာထက် ဒီယက်ဇ်က ပိုနေရာရလာနိုင်တယ်။ ခင်ဗျား သူကစားတာကို ကြည့်နေရင် ဘောလုံးရှိနေချိန်ဆိုရင် သူက ထက်မြက်ပါတယ်။ ဒါပေမယ့် ဘောလုံးဆုံးရှုံးတဲ့အခါ သူရဲ့တုံ့ပြန့်မှုက စိတ်ကူးယဉ်ဆန်သလိုပဲ။ ဒီအကြောင်းအရင်းတွေကြောင့် သူက ကျွန်တော်ရဲ့ ဒီရာသီအတွက် ထင်ရှားတဲ့ ခေါ်ယူမှုတစ်ခုပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version