ဘယ်ဂျီယံလက်ရွေးစင်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ပင်တိုင်ဂိုးသမားတစ်ယောက်ဖြစ်သူ တီဘော့ကော်တွိုက်စ်က သူရဲ့ဘယ်ဂျီယံအသင်းဖော် ဗာတွန်ဂန်နဲ့ အမေးအဖြေ အစီအစဉ်တစ်ခု ပြုလုပ်နေရင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီမာစီယဲလ်အကြောင်း ပါဝင်လာခဲ့ရာ မာစီယဲလ်က ထိပ်တန်းကစားသမားတစ်ယောက်လားလို့ ကော်တွိုက်စ်က မေးခွန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

ဘယ်ဂျီယံလက်ရွေးစင် အသင်းဖော်(၂)ဦးဖြစ်တဲ့ ကော်တွိုက်စ်နဲ့ ဗာတွန်ဂန်တို့ဟာ အမေးအဖြေ အစီအစဉ်တစ်ခုကို ပါဝင်ဆောင်ရွက်နေရင်းနဲ့ ဗာတွန်ဂန်က ယူရို၂၀၂၀ပြိုင်ပွဲအတွင်း ဝင်ရောက်ဆင်နွဲခွင့် မရရှိခဲ့တဲ့ ကစားသမား(၃)ယောက်ကို ပြောပြပေးပါလာလို့ မေးမြန်းလာခဲ့ရာ ဂိုးသမားကော်တွိုက်စ်က သူရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း ဆာဂျီယိုရာမို့စ်ရဲ့နာမည်ကိုသာ ဖြေဆိုနိုင်ခဲ့ပြီး ကျန်တဲ့ကစားသမား(၂)ယောက်ကိုတော့ သတ်မှတ်ချိန်အတွင်းမှာ မဖြေဆိုနိုင်ခဲ့ပဲ သူရဲ့ဖြေဆိုမှုက ကျရှုံးသွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒီအချိန်မှာ ဗာတွန်ဂန်က ယူရို၂၀၂၀မှာ ပါဝင်နိုင်ခြင်းမရှိတဲ့ ကစားသမားတွေအဖြစ် ဗန်ဒိုက် ဟာလန်း တာစတီဂန် မွိုက်စ်ကင်း ပီယာနစ် မာစီယဲလ်တို့ကို ရေရွတ်ပြလာခဲ့ရာ ကော်တွိုက်စ်က ချက်ချင်းဆိုသလို “မာစီယဲလ်ဟုတ်လား။ သူက ထိပ်တန်းကစားသမားတစ်ယောက်လား” လို့ မေးခွန်းထုတ်ပြီး ကစားသမား(၂)ဦးလုံး ရယ်မောခဲ့ကြပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ယူနိုက်တက်အသင်းကို ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၆)နှစ်တာကာလအတွင်း သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး(၅၅)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူရဲ့တစ်ရာသီအတွင်း လိဂ်သွင်းဂိုးက (၉)ဂိုးသာ ရှိနေခဲ့ရပါတယ်။ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတတ်တဲ့ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်မှာတောင် သွင်းဂိုး(၄)ဂိုးပဲ သွင်းယူနိုင်ခဲ့လို့ သူ့ကို အသင်းပရိသတ်တွေကနေ အမြင်မကြည်လင် ဖြစ်လာခဲ့ပြီး အသင်းကနေ ရောင်းထုတ်လိုက်အထိပါ တောင်းဆိုနေကြပါတယ်။