MySport Myanmar

လူကာကူ ဂိုးမသွင်းနိုင်တာက ကံခေနေတာကြောင့်လို့ ချယ်လ်ဆီး လက်ထောက်နည်းပြ ပြောဆို

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အင်တာမီလန်အသင်းကနေ ကလပ်အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမား လူကာကူဟာ အသင်းဆီ ပြန်ရောက်ချိန်မှာပဲ အကောင်းဆုံး စွမ်းရည်တွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ သွင်းယူဖို့ ရုန်းကန်နေရတဲ့အပေါ် ချယ်လ်ဆီးလက်ထောက်နည်းပြ အာနိုမက်ကယ်စ်က သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Chelsea News

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ မနှစ်က ဘောလုံးရာသီအတွင်း အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၃၀)ထိ သွင်းယူထားနိုင်ခဲ့သလို အသင်းနဲ့လည်း စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီ အသင်းဟောင်း ချယ်လ်ဆီးကို ပြန်ရောက်သွားချိန်မှာ အင်တာမှာတုန်းကလို ခြေစွမ်းမျိုး ပြနိုင်ဖို့ ရုန်းကန်နေရခဲ့ပါတယ်။ ဒါ့အပြင် လူကာကူဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း ချယ်လ်ဆီးအသင်းနဲ့ အဆင်မပြေနိုင်မယ့် စကားတွေကို ပြောဆိုခဲ့သေးတာကြောင့် သူရဲ့ပြောစကားတွေအတွက်ပါ ပြန်လည်တောင်းပန်ခဲ့ရပါသေးတယ်။

Photo Credit : Sportskeeda

လူကာကူရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြ မက်ကယ်စ်က “သူက အသင်းအတွက် အများကြီးကို လုပ်ဆောင်ထားပြီးတော့ ဘောလုံးထိချက်တွေ များစွာ လုပ်ဆောင်ခဲ့ပေမယ့် ကံနည်းနည်းတော့ မကောင်းနေသလို ဖြစ်နေရတယ်။ ကျွန်တော်တို့က သူ့ကို ဒီအတိုင်း ဆက်ထားဖို့ ကြိုးစားနေတာ သူ့ကို အခွင့်အရေးတွေ ပေးနေတာတွေက သူက ကျွန်တော်တို့အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ပါ။ သူက ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်နေတာကြောင့် သူ သွင်းဂိုးတွေ မသွင်းယူနိုင်တဲ့ အခိုက်အတန့်မျိုးမှာ ယုံကြည်မှု မပျောက်ကွယ်သွားဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၅)ဂိုး ချန်ပီယံလိဂ်မှာ (၂)ဂိုးနဲ့ အက်အေဖလားပွဲစဉ်မှာ (၁)ဂိုး စုစုပေါင်း (၈)ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဗီလာဘက်ကို သွင်းဂိုး (၂)ဂိုးယူခဲ့တဲ့ ပွဲစဉ်(၄)နောက်ပိုင်းကတည်းက ပွဲစဉ်(၂၃)ထိကို သွင်းဂိုး(၂)ဂိုးသာ ထပ်မံရယူနိုင်ခဲ့ပါတယ်။

Exit mobile version