အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး ရော်ဘင်ဗန်ပါစီက သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားသစ်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး အရမ်းနှစ်သက်သဘောကျမိခဲ့ရကြောင်းနဲ့ ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပြီး ဖာနန်ဒက်စ်က ဘောလုံးပွဲတစ်ပွဲမှာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်လို့လည်း အမွှမ်းတင်ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်းကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲအနည်းလေးသာ ကစားထားရပေမယ့် အသင်းနဲ့ ခပ်မြန်မြန်ပဲ အထိုင်ကျသွားခဲ့သလို ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း မိနစ်၈၀နောက်ပိုင်းမှ ပါဝင်ကစားခဲ့ရပြီး စုစုပေါင်း ၁၅မိနစ်လောက်သာ ကစားခဲ့ရပေမယ့် သူရဲ့ဂိုးပေါက်ကန်ချက်က ၄ကြိမ်အထိကို ရှိခဲ့ပြီး ဒီပမာဏက တခြားသော ယူနိုက်တက်ကစားသမားတွေထက်ကို များပြားနေတဲ့အပြင် သူရဲ့ ၁၅မိနစ်အတွင်း ဘောလုံးပေးပို့မှုကလည်း ရာခို်င်နှုန်းအပြည့်ကို အောင်မြင်ခဲ့ပါသေးတယ်။

ဒီလို အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး ဗန်ပါစီက “ သူက တကယ့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ ကစားသမားမျိုးပါ။ သူကစားနေတာကြည့်ပြီး ထိပ်တန်းဘောလုံးသမားတွေလိုပဲ သူ့ဆီမှာလည်း ဘောလုံးစွမ်းရည်ကောင်းတစ်ခုခု ပိုင်ဆိုင်ထားမယ်ဆိုတာကို သင်အတပ်ပြောနိုင်ပါလိမ့်မယ်။ ဘောလုံးကို သယ်ဆောင်သွားတာ ပေါ့ပေါ့ပါးပါးလေးနဲ့ သူ့ပုံစံက တကယ့်ကို စောင့်ကြည့်ရတာ စိတ်ချမ်းသာမှုရှိစေရတဲ့ ပုံစံမျိုးပါ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ သူရဲ့အသင်းဟောင်း လစ္စဘွန်းအသင်းမှာကတည်းက အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ကာ မနှစ်က ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးတွေများစွာ ရယူနိုင်ခဲ့လို့ ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့သူဖြစ်ပါတယ်။