ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဝါရင့် ကွင်းလယ်လူ အန်ဒါ ဟာရဲယားက ပီအက်စ်ဂျီနဲ့ သူ့ရဲ့ ကြားမှာ ရှိနေတဲ့ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး အသင်းဟောင်း ဘီလ်ဘာအိုဆီ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် စပိန်ဝါရင့် ကွင်းလယ်လူ အန်ဒါ ဟာရဲယားက ၂၀၁၉ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီထံ ရောက်ရှိပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး မဖြစ်ခဲ့ပေမယ့် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရခဲ့သူပါ။

Photo Credit: Metro

အန်ဒါ ဟာရဲယားက​ မန်ချက်စတာ ယူနိုက်တက်ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာခဲ့ချိန်မှာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ်မှ ကုန်ဆုံးဖို့ ရှိနေပြီး ဟာရဲယားကတော့ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ ပုံမှန် ပွဲထွက်ခွင့် ရချင်တာကြောင့် ပီအက်စ်ဂျီနဲ့ လမ်းခွဲကာ သူ့ရဲ့ အသင်းဟောင်း ဘီလ်ဘာအိုဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး ပြင်သစ် သတင်းထောက် တန်ဇီလိုအစ်ရဲ့ ဖော်ပြချက်အရ ဟာရဲယားဟာ ယမန်နေ့မှာပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းမှု အတွက် နောက်ဆုံးအကြိမ် ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုက အောင်မြင်ခဲ့တာကြောင့် မကြာခင်မှာပဲ သူဟာ အသင်းလက်မဲ့ ကစားသမား တဦးအနေနဲ့ ဘီလ်ဘာအိုဆီ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

Photo Credit: Metro

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနကလည်း ဟာရဲယားဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ဖျက်သိမ်းပြီး သူ့ရဲ့ ငယ်ဘဝကလပ် ဘီလ်ဘာအိုဆီ ပြန်လည် ပြောင်းရွှေ့တော့မယ့် သတင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဘီလ်ဘာအိုက ဟာရဲယားအတွက် ကြိုဆိုပွဲ လုပ်ဆောင်ဖို့ပါ စီစဉ်နေကြောင်း ဆိုပါတယ်။

အန်ဒါ ဟာရဲယားက ၂၀၁၁ခုနှစ် ကနေ ၂၀၁၄ခုနှစ် အထိ ဘီလ်ဘာအို အတွက် ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး သူက ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံမှာ ၁၂၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၉ကြိမ် ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။