ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဟာရဲယားက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် စပိန် ကွင်းလယ်လူ အန်ဒါ ဟာရဲယားက ပီအက်စ်ဂျီထံ ၂၀၁၉ခုနှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီ အတွက် ၃နှစ်တာ ကာလ အတွင်းမှာ ပြိုင်ပွဲစုံ ၉၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကမှ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကာ သူ့ရဲ့ ပြင်သစ်မြေ ပထမဦးဆုံး ဘောလုံးရာသီဟာ အစမကောင်းခဲ့ပဲ မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဦးဆုံးရာသီ စွမ်းဆောင်ရည်က မက်ဆီရဲ့ ကစားသမား ဘဝတလျှောက် အဆိုးဝါးဆုံး စွမ်းဆောင်ရည်တွေထဲက တခု အဖြစ် မှတ်တမ်းဝင်ထားပြီး အဆိုပါ မှတ်တမ်းကြောင့်ပဲ ဘောလုံးပရိသတ် တချို့က မက်ဆီဟာ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား မဖြစ်သေးဘူးလို့ ထောက်ပြ ဝေဖန်နေကြကာ မက်ဆီရဲ့ အသင်းဖော်ဖြစ်သူ ဟာရဲယားကတော့ အဆိုပါ ဝေဖန်မှုတွေဟာ မှားယွင်းကြောင်းနဲ့ မက်ဆီကသာ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် ရှိနေဆဲပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဟာရဲယားက – “လူတွေက မက်ဆီကို တရာသီမှာ ဂိုး ၅၀လောက် သွင်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။ တကယ်လို့ မက်ဆီကသာ သူတို့ရဲ့ မျှော်လင့်ချက် အတိုင်း မဖြစ်လာရင် လူတွေက မက်ဆီရဲ့ခေတ် ကုန်သွားပြီလို့ ပြောကြတော့တာပါပဲ။ ကျွန်တော်တို့ မမေ့ရမှာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မက်ဆီဟာ ဂိုးတိုင်တွေကို ၁၀ကြိမ် အထိ ထိခဲ့ပြီး အဲ့ဒါက ပြင်သစ် လီဂူးဝမ်းသမိုင်းမှာ စံချိန်မှတ်တမ်း ဝင်ခဲ့တဲ့ အထိပါ။ တကယ်လို့ မက်ဆီကသာ အဲ့ဒီ ၁၀ကြိမ်လုံးကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့ရင် သူက အရမ်းကို ကောင်းမွန်တဲ့ ဘောလုံးရာသီ တခုကို ပိုင်ဆိုင်နိုင်ခဲ့မှာပါ။ ကျွန်တော့်အတွက် မက်ဆီကသာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။