ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ စပိန် ကွင်းလယ်လူ အန်ဒါ ဟာရဲယား ကတော့ သူတို့အသင်းဆီ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရောက်ရှိလာတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါလို့ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်ပြီး ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား သုံးဦးထဲက တဦး အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

Photo Credit: Marca

ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အမှတ်မထင် ပြောင်းရွှေ့ခဲ့ရပြီးနောက် အသင်းသစ်မှာ အသားကျဖို့ အနည်းငယ် ရုန်းကန်နေရပါတယ်။

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ပွဲကစား ၅ဂိုး သွင်းယူထားနိုင်ပေမယ့် လီဂူးဝမ်းပြိုင်ပွဲမှာတော့ ၁၁ပွဲ ကစားထားရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြင်သစ် အခြေစိုက် သတင်းဌာန အများစုက မက်ဆီရဲ့ ခြေစွမ်းတွေ ကျဆင်းနေပြီ ဖြစ်ကြောင်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ မက်ဆီကို ခေါ်ယူခဲ့မှုဟာ မှားယွင်းတဲ့ ခေါ်ယူမှု တခု ဖြစ်ခဲ့ကြောင်း ဝေဖန်နေကြပြီး ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဟာရဲယားကတော့ အဆိုပါ ဝေဖန်မှုတွေကို ပယ်ချသွားခဲ့ကာ မက်ဆီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

ဟာရဲယားက – “မက်ဆီက ဘယ်အသင်းနဲ့မဆို ခပ်မြန်မြန်ပဲ အသားကျမယ့် ကစားသမားမျိုးပါ။ သူက ပြင်သစ်မှာပဲဖြစ်ဖြစ် ၊ စပိန်မှာပဲဖြစ်ဖြစ် ၊ ဂျပန်မှာပဲဖြစ်ဖြစ် ၊ နောက်ဆုံး မာဒါဂါစကာလို နေရာမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားနိုင်မယ့်လူပါ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ် အထိ ရယူထားနိုင်သလို အခုချိန်အထိလည်း လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းကို ပြသထားနိုင်နေဆဲပါ။ ကျွန်တော်တို့တွေ မန်ချက်စတာ စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူ ဘယ်လောက် ကောင်းလဲ ဆိုတာကို မြင်တွေ့ပြီးပါပြီ။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းတွေ အကောင်းဆုံး ပုံစံမှာ ရှိဖို့ ဆိုရင် သူ့ရဲ့ဘေးမှာ ကစားနေရတဲ့ ကစားသမားတွေရဲ့ တာဝန်ယူမှုတွေလည်း လိုအပ်ပါသေးတယ်။ ကျွန်တော်တို့တွေက သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ရအောင် ဝိုင်းဝန်း ကြိုးစားပေးဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ကစားသမား တယောက် အသင်းပြောင်းပြီ ဆိုရင် အသားကျဖို့ အချိန်ယူရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အခု ပြောနေတဲ့ ကစားသမားက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတာကိုတော့ မမေ့ကြနဲ့ပေါ့ဗျာ” လို့ ချီးကျူးခဲ့တာပါ။