ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ် ကစားသမား ဟာရဲရားကတော့ လက်ရှိရာသီ ပြည်တွင်း ပြိုင်ပွဲမှာ ဆုဖလား (၄) ခု ရရှိနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို မရဘူး ဆိုရင် ကျရှုံးမှုပါပဲလို့ သတင်းစာ ရှင်းလင်းပွဲမှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ရှုံးထွက် ပွဲစဉ်မှာ အတ္တလန်တာအသင်းကို (၁-၂) နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ အက်သလက်တီကိုအသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ကစားသွားရတော့မှာ ဖြစ်ပါတယ်။

 

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ အတ္တလန်တာအသင်းကို ပွဲပြီးခါနီး ချေပဂိုး (၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ (၁၉၉၅) ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်ကို တက်လှမ်းလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဆီမီး ဖိုင်နယ် ပွဲစဉ်ကို ယခုလ (၁၉) ရက်နေ့မှာ ကစားသွားရမှာ ဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်လူ ဟာရဲရားကတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ် ဆုဖလားကို မရရှိနိုင်ဘူး ဆိုရင် ကျရှုံးမှု ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဟာရဲရားက “တကယ်လို့များ ကျွန်တော်တို့အနေနဲ့ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို မရဘူး ဆိုရင် ဒါက ကျရှုံးမှု ဖြစ်ပါတယ်။ အခြားအသင်း (၁၀) သင်းအတွက်လည်း ကျရှုံးမှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က ပြည်တွင်းပြိုင်ပွဲမှာ မယုံနိုင်စရာ စွမ်းဆောင်နိုင်ခဲ့ပြီးပြီ ဖြစ်ပြီး လက်ရှိရာသီမှာ ဆုဖလား (၄) ခု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဥပမာ ပြောရမယ် ဆိုရင် လိုက်ပ်ဇစ်အသင်း နဲ့ လိုင်ယွန်အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဒီအဆင့်ကို ရောက်လာဖို့ မျှော်လင့်ခဲ့ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ အနိုင်ရရှိဖို့ အရည်အချင်း နဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြိုင်ဘက်အသင်းက ဖွင့်ကစားမယ် ဆိုတာကို သိရပါမယ်။ လိုက်ပ်ဇစ်က ကျွန်တော်တို့အသင်းအတွက် အန္တာရယ်ရှိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။