ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ချီချာရီတို (ခေါ်) ဟာနန်ဒက်ဇ်ကတော့ သူ့ရဲ့ အသင်းဟောင်းကသာ သူ့ကို လိုအပ်မယ်ဆိုရင် အလကားနဲ့တောင် လာကစားပေးနိုင်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် မက္ကဆီကို လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ဟာနန်ဒက်ဇ်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၅နှစ်ကြာ ကစားခဲ့သူ တဦး ဖြစ်ပြီး သူက ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၅၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၉ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

Photo Credit: Mirror

ဟာနန်ဒက်ဇ်က အထောင်တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် အခြားတိုက်စစ်မှူးတွေလို ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အသားပေး ဆော့တတ်တဲ့ တိုက်စစ်မှူးမျိုး မဟုတ်ပဲ သူ့ရဲ့ ရွေ့လျားမှု ၊ ဘောလုံးလမ်းကြောင်း တွက်ဆနိုင်မှု ၊ ကြုံသလို ဂိုးသွင်းနိုင်မှုတို့နဲ့ သွင်းဂိုးတွေ ရယူလေ့ ရှိတဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရန်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ဘိုလော့ဂ်နာရဲ့ ဝါရင့် တိုက်စစ်မှူး အနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဟာနန်ဒက်ဇ်ကတော့ ယူနိုက်တက်ကသာ သူ့ကို အလိုရှိမယ် ဆိုရင် အလကား လာကစားပေးရရင်တောင် အဆင်ပြေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

Photo Credit: Mirror

ဟာနန်ဒက်ဇ်က – “တကယ်လို့ ယူနိုက်တက်ကသာ ကျွန်တော့်ကို ကမ်းလှမ်းလာမယ် ဆိုရင် ကျွန်တော်က သူတို့အတွက် အလကား ကစားပေးဖို့ အဆင်သင့်ပါပဲ။ ခင်ဗျားတို့လည်း ကျွန်တော်က အဲ့ဒီလို လုပ်မယ် ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်က အခု ကစားနေတဲ့ အသင်းကိုလည်း လေးစားမှု အပြည့် ရှိပါတယ်။ ဒီအသင်းမှာ ကျွန်တော်က ခြေစွမ်းပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ကစားနေနိုင်သလို အခု ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အရာက အယ်လ်အေ ဂလက်ဇီနဲ့အတူ ဆုဖလား ရယူဖို့ပါပဲ။ ဒါပေမယ့် အနာဂတ်မှာတော့ ကြိုတင် မသိနိုင်တဲ့ ကိစ္စရပ်တွေက ဖြစ်ပျက်လာနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။