လီဗာပူးလ်အသင်းဟာ စတုဂတ်အသင်းရဲ့ ဂျပန် ကွင်းလယ် ခံစစ် ကစားသမား ဝါတာရူ အန်ဒိုကို ပြောင်းရွှေ့ကြေး ယူရို (၁၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

နွေစျေးကွက် မပိတ်ခင်မှာ ကွင်းလယ်ခံစစ် နေရာအတွက် ကစားသမားတစ်ဦး အလိုရှိနေတဲ့ လီဗာပူးလ်အသင်းက ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်းမှာ ပါဝင်ကစားနေတဲ့ အသက် (၃၀)အရွယ် DM ကစားသမား အန်ဒိုကို အလျင်အမြန် ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ ကစားသမားကိုယ်တိုင်က သူ့ကို လီဗာပူးလ်လို အသင်းကြီးမှာ ကစားခွင့်ပေးဖို့ စတုဂတ်အသင်းဆီ တောင်းဆိုရင်း နောက်ဆုံးမှာ အပြောင်းအရွှေ့ အထမြောက်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

လီဗာပူးလ်က အန်ဒိုကို ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားပြီး အပြောင်းအရွှေ့ကိုလည်း မကြာခင် ထုတ်ပြန် ကြေညာဖွယ်လည်း ရှိနေပါတယ်။

ကိုင်စီဒို ၊ လာဗီယာတို့ကို မခေါ်ယူနိုင်တော့လို့ ဆန်ဂါယေးကို ပစ်မှတ်ထားခဲ့ပေမယ့် ဘိုင်ယန်ရဲ့ ကြားဖြတ်မှုတွေ ရှိလာခဲ့တာကြောင့် လီဗာပူးလ်က target အပြောင်းအလဲ လုပ်ဆောင်လိုက်ပြီး ဘွန်ဒက်စ်လီဂါမှာ ပွဲပေါင်း (၉၉)ပွဲအထိ ကစားထားနိုင်တဲ့ ဂျပန် ကွင်းလယ် ခံစစ် ကစားသမား အန်ဒိုကိုသာ ချိန်ရွယ်လာရင်း ကမ်းလှမ်းမှုပါ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Twitter

အန်ဒိုအနေနဲ့ကတော့ လီဗာပူးလ်လို ကလပ်အသင်းကြီး တစ်သင်းဆီကို ပြောင်းရွှေ့ချင်နေပြီး လီဗာပူးလ်မှာ သူရဲ့ကစားသမားဘဝကို တစ်ဆင့် မြှင့်တက်သွားချင်နေသလို လီဗာပူးလ် နဲ့ စတုဂတ်တို့ကြားမှာလည်း ဆွေးနွေးမှုတွေ အခြေအနေကောင်းနေတဲ့အပြင် စတုဂတ်ကလည်း အပြောင်းအရွှေ့ ကိစ္စအတွက် မာဆေးဆိုက်ဆီ သွားရောက်ဖို့ပါ ခွင့်ပြုထားပါသေးတယ်။

ဂျေလိဂ်ကလပ် အူဝါရာရတ်အသင်းရဲ့ ကစားသမားဟောင်း အန်ဒိုဟာ ၂၀၂၀ခုနှစ်ကနေ စတင်ပြီး စတုဂတ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ (၃)ရာသီ ဖြတ်သန်းခဲ့သလို မနှစ်က ရာသီမှာဆို (၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂျပန် လက်ရွေးစင် အသင်းနဲ့လည်း ပွဲပေါင်း (၅၀)အထိ ပါဝင်ထားနိုင်ခဲ့တဲ့ အတွေ့အကြုံရင့် အာရှ ကစားသမားကို လီဗာပူးလ်အသင်းက စနေနေ့ ဘုန်းမောက်နဲ့ ကစားရမယ့် ပွဲအမီ ခေါ်​​ယူချင်နေပါတယ်။