ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် ထာဝရ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ သီယာရီ အွန်နရီကတော့ သူဟာ ချယ်လ်ဆီးကနေ အင်တာမီလန်ဆီ အငှားနဲ့ သွားကစားနေတဲ့ ရိုမီလု လူကာကူကို ချယ်လ်ဆီးဆီ မပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ဖူးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားလာပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက သူ့ရဲ့ ကစားသမား ဘဝမှာ ချယ်လ်ဆီးဆီ ၂ကြိမ်တိုင်တိုင် ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပြီး ၂ကြိမ်စလုံးမှာလည်း အောင်မြင်မှုတွေ မရခဲ့ပဲ တခြားအသင်းတွေဆီသာ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ လူကာကူက လူငယ် ကစားသမား ဘဝမှာ အန်ဒါလက်ချ် ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးမှာ ပွဲထွက်ခွင့် ရဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ၂၀၁၄ခုနှစ်မှာ ချယ်လ်ဆီးကနေ အဲဗာတန်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Express

အဲဗာတန်ဆီ ရောက်ရှိပြီးနောက် လူကာကူက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် ၂၀၁၇ခုနှစ်မှာ အဲဗာတန်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရခဲ့ပေမယ့် လူကာကူဟာ မန်ချက်စတာ ယူနိုက်တက်မှာလည်း ထိုက်သင့်သလောက် အောင်မြင်မှုတွေ မရခဲ့ပဲ ၂၀၁၉ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။

နယ်မြေသစ် ဖြစ်တဲ့ အီတလီမြေဆီ ရောက်ရှိချိန်မှာတော့ လူကာကူက သူ့ရဲ့ အကောင်းဆုံး အဆုံးသတ်စွမ်းရည်တွေကို အင်တာမီလန်နဲ့အတူ ပြသနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက ၂၀၂၁ခုနှစ်မှာ လူကာကူကို အသင်းရဲ့ တိုက်စစ်မှူး တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၁၁သန်းနဲ့ ဒုတိယအကြိမ် ခေါ်ယူခဲ့ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးဆီ ရောက်ကာစမှာ လူကာကူက တောက်လျှောက် ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေ ရကာ ခြေစွမ်းပျောက်သွားတာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ချယ်လ်ဆီးက သူ့ကို အသင်းဟောင်း အင်တာမီလန်ဆီ အငှားချခဲ့ပါတယ်။

ဘယ်လ်ဂျီယံရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့စဉ်က လူကာကူနဲ့ ရင်းနှီးခဲ့တဲ့ အွန်နရီက သူဟာ လူကာကူ တယောက် အင်တာမီလန်ကို စွန့်ခွာကာ ချယ်လ်ဆီးဆီ ပြောင်းတော့မယ့် အချိန်မှာ လူကာကူကို အသင်းမပြောင်းဖို့ တိုက်တွန်းခဲ့ပေမယ့် လူကာကူဟာ သူ့ရဲ့ အကြံပေးမှုကို မလိုက်နာခဲ့ကြောင်း ဆိုလာပါတယ်။ အွန်နရီက – “ရိုမီလု တယောက် ချယ်လ်ဆီးဆီ ပြောင်းတော့မယ့် အချိန်မှာ ကျွန်တော်က သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို မင်း ချယ်လ်ဆီးဆီ ရောက်ရင် ရုန်းကန်ရလိမ့်မယ်လို့ ပြောခဲ့ပြီး ပြောတဲ့အတိုင်းလည်း တကယ် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ကစားဟန်နဲ့ တူဟယ်လ်ရဲ့ ကစားကွက်က မလိုက်ဖက်လို့ပါ။ တူဟယ်လ်က သူ့ရဲ့ အထောင်တိုက်စစ်မှူးကို ဖိအားပေး ကစားတာမျိုး မြင်ချင်တယ်။ လူကာကူက သူ့ဆီ ရောက်လာမယ့် ဘောလုံးပေးပို့မှုတွေကို စောင့်ပြီး ဂိုးသွင်းချင်တယ်။ ဒါကြောင့်ပဲ သူနဲ့ တူဟယ်လ်တို့ ကြားထဲမှာ ပြဿနာတွေ ရှိခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။