MySport Myanmar

ဘာပေ မရှိတော့တဲ့ ပီအက်စ်ဂျီက မှော်ဆန်တဲ့ အရာတွေ ဆုံးရှုံးနေတယ်လို့ အွန်နရီ သုံးသပ်

အာဆင်နယ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး သီယာရီ အွန်နရီက ကီလီယန် အမ်ဘာပေကို လက်လွတ်ထားရတဲ့ ပီအက်စ်ဂျီအသင်းဟာ ပိုပြီး တည်ငြိမ်လာပေမယ့်လည်း မှော်ဆန်တဲ့ အရာတွေကိုတော့ ဆုံးရှုံးနေရတယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

လူးဝစ် ဟင်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိအချိန်ထိ ဂျီရိုနာ အာဆင်နယ် PSV အသင်းတွေနဲ့ ရင်ဆိုင်ထားခဲ့ရပြီး ဂျီရိုနာနဲ့ အဖွင့်ပွဲမှာပဲ နိုင်ပွဲရယူနိုင်ခဲ့ကာ အာဆင်နယ်ကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားသလို မနေ့ညက PSV နဲ့ပွဲမှာလည်း နောက်ကလိုက်ကစားပြီးမှ သရေကျသွားခဲ့ပါတယ်။

Photo Credit : BBC

လက်ရှိမှာတော့ ပီအက်စ်ဂျီဟာ ပလေးအော့အဆင့် ကစားရမယ့် နေရာမျိုးမှာ ရောက်ရှိနေရပြီး ပြင်သစ်လီဂူးမှာဆိုရင်လည်း မိုနာကိုအသင်းနဲ့အတူ အမှတ်ပေးဇယားထိပ်မှာ ပူးတွဲရပ်တည်နေရပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနဲ့ PSV ပွဲကို ကြည့်ရှုခဲ့တဲ့ အွန်နရီက “ကျွန်တော်ကတော့ သူတို့အသင်းကို ပိုပြီး တည်ငြိမ်ပြီး ပိုပြီး စုစည်းမှုရှိလာတယ်လို့ ကျွန်တော် ထင်မိပါတယ်။”

“ဒါပေမယ့် သူတို့အသင်းက ဘာပေကို ဆုံးရှုံးထားရဆဲပါ။ သူတို့မှာ ကောင်တာတွေလည်း နည်းပါးလာခဲ့တယ်။ ဒါက ခက်ခဲပါတယ်။ ဥပမာအားဖြင့် အခုလို ပွဲမျိုးမှာသာ ကီလီယန် ပါလာခဲ့မယ်ဆိုရင်တော့ (၂)ဂိုး (၁)ဂိုးနဲ့ နိုင်ပွဲရအောင် အနိုင်ဂိုးကို သွင်းယူပေးနိုင်မှာ။ မှော်ဆန်တဲ့ အခိုက်အတန့်မျိုးနဲ့ သူက ရလဒ်ကို အလှည့်အပြောင်း လုပ်နိုင်မှာ။”

Photo Credit : Goal

“အသင်းက လက်ရှိမှာ မှော်ဆန်တာတွေ အများကြီး ဆုံးရှုံးနေရပေမယ့် အသင်းရဲ့ အနေအထားကတော့ အရင်ကထက်စာရင် ပိုပြီး ဟန်ချက်ညီလာသလို မြင်ရတယ်။ ဒါပေမယ့် အသင်းရလဒ်တွေကတော့ ကောင်းမွန်နေခြင်း မရှိတာ သိသာပါတယ်။” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက ဘာပေလို အသင်းအတွက် အရေးအပါဆုံးသော ထိပ်တန်း ကစားသမားတစ်ဦးကို လက်လွတ်ထားရချိန် တိုက်စစ်မှူး ရာမို့စ်ကလည်း ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းတိုက်စစ်ပိုင်းအတွက် ဒမ်ဘီလီ မူအာနီ ဘာကိုလာ အဆန်စီယို လီကန်အင်နဲ့ ကစားသမားသစ်လေး ဒူရေးတို့ကိုသာ အသုံးပြုနေရပါတယ်။

Exit mobile version