အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ သီယာရီ အွန်နရီက သူ့အသင်းဟောင်းဟာ ပြိုင်ဘက် လီဗာပူးလ်အသင်းထက်စာရင် ခန့်မှန်းရ လွယ်ကူလွန်းနေတဲ့အသင်း ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့က မလွယ်ကူနိုင်သေးဘူးလို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို (၃၈)ပွဲလုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြရင်း ရယူနိုင်ခဲ့ပေမယ့် အဲ့ဒီရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလားနဲ့ နှစ်ပေါင်းများစွာအထိ တောက်လျှောက် လွဲချော်နေခဲ့ရပါတော့တယ်။

Photo Credit : Evening Standard

ဒီရာသီမှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ် (၁၆)ပွဲ ကစားထားပြီးချိန် ရှုံးပွဲ (၂)ပွဲအပြင် သရေပွဲက (၆)ပွဲအထိ ရှိခဲ့ရပြီး အဲဗာတန်လို အသင်းမျိုးနဲ့ ကစားထားရတဲ့ ပွဲစဉ်မှာလည်း ဂိုးမရှိသရေသာ ဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်က ထောင့်ကန်ဘောလို set-piece တွေကနေ ဂိုးတွေ ရယူရမှာ ကျွမ်းကျင်ပေမယ့် open-play ကနေ ဂိုးရဖို့ကတော့ ဒီနောက်ပိုင်းပွဲတွေထဲ ရုန်းကန်နေပါတယ်။

အာဆင်နယ်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါက အာဆင်နယ်ရဲ့ ဖန်တီးနိုင်မှု အားနည်းချက်ကို ထောက်ပြခဲ့ပြီး ဒါကို အာဆင်နယ် ကစားသမားဟောင်းကြီး အွန်နရီကပါ ထောက်ခံခဲ့ကာ “သူတို့က တော်တော်လေး ခန့်မှန်းရလွယ်တဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။ set-pieces တွေ ဂိုးသွင်းတာက ထူးချွန်နေသလို နောက်ဆုံး လိဂ်(၃)ဂိုးကိုလည်း set-pieces တွေကနေ သွင်းယူခဲ့တယ်။”

Photo Credit : Sky Sports

“လီဗာပူးလ်အသင်းကို ကြည့်လိုက်ရင် သူတို့ တိုက်စစ်ဆင်နေချိန်မှာ ဂိုးမက်ဇ် နူးညက်ဇ်နဲ့ ဂျိုတာတို့က ပြေးလွှားနေတာကို မြင်နိုင်တယ်။ ဒါပေမယ့် ဆာကာနဲ့ဆိုရင်တော့ အိုဒီဂတ်နဲ့ ကစားရမယ်ဆိုတာ သိရပါမယ်။ အာဆင်နယ်မှာ ဒုက္ခတွေ ရောက်နေတဲ့အခါ ဘောလုံးတွေက ဆာကာဆီပဲ ရောက်ပါတယ်။ အာဆင်နယ်က ဖန်တီးမှုတွေ လုပ်နိုင်ပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့တော့ လိုတယ်။”

“မာတင်နယ်လီကလည်း အတွင်းထဲ ဝင်သွားမယ်ဆိုရင် ဖြစ်နိုင်မယ့် အခြေအနေမှာ အပြင်ကို ထွက်သွားတယ်။ အခုက အာဆင်နယ် ကစားတာကို ကြည့်လိုက်ရင် သူတို့က set-pieces တွေကနေပဲ ဂိုးသွင်းနိုင်တော့တယ်လို့ ထင်လာပါတယ်။ မန်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာဆိုရင်လည်း အများကြီး မဖန်တီးနိုင်ခဲ့ဘူး။ ဒါက နည်းပြ ပြဿနာ မဟုတ်ဘူး။ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အပြောင်းအလဲတွေ အများကြီး လိုအပ်ပါတယ်။ အဖြေတစ်ခုကိုလည်း ရှာဖွေသွားရပါမယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။