ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အွန်နရီ ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ တိုးတက်လာတဲ့ အသင်းတသင်း ဖြစ်ကြောင်းကို မန်ချက်စတာ ယူနိုက်တက်အသင်းအား အဝေးကွင်းမှာ အနိုင်ယူပြီး သက်သေပြဖို့ ဆော်ဩ တိုက်တွန်းသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ သက်တော်ရှည် ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကို ဆုံးရှုံးပြီးထဲက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး လေးသင်း စာရင်းထဲဝင်ဖို့ ရုန်းကန်ခဲ့ရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဥရောပဝင်ခွင့် မရပဲ ပြည်တွင်းလိဂ်ကိုသာ အဓိကထား ယှဉ်ပြိုင် နေရပါတယ်။

Photo Credit: Metro

ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းဟာ ပြည်တွင်းလိဂ် တခုထဲကို အာရုံစိုက် ယှဉ်ပြိုင်နေရသလို အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာရဲ့ နည်းစနစ်တွေနဲ့ အသားကျလာတာကြောင့် ရလဒ်ကောင်းတွေ ဆက်တိုက် ဆိုသလို ရရှိထားပြီး ပွဲစဉ်(၁၃) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာ အထိ တက်လှမ်းနိုင်ခဲ့ကာ အဆင့်၄ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ရမှတ် ၁မှတ်သာ ကွာဟပါတယ်။

ဒါကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာသာ နိုင်ပွဲတပွဲ ရယူနိုင်ခဲ့ပါက အာဆင်နယ်အသင်း အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာ အထိ ရောက်ရှိမှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း ရုန်းအားကိုလည်း လျှော့တွက်လို့ မရပါဘူး။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး တဦး ဖြစ်သူ အွန်နရီကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်း အနေနဲ့ ရလဒ်ကောင်းတွေ ရရှိနေပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံရင် ရုန်းကန်ရတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့နဲ့ သူတို့အသင်းဟာ တိုးတက်လာတဲ့ အသင်းတသင်း ဖြစ်ကြောင်း သက်သေပြဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြရန် လိုအပ်ကြောင်း ပွဲကြိုသုံးသပ်ချက် အစီအစဉ်မှာ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Metro

အွန်နရီက – “အခုဆိုရင် အာဆင်နယ်အသင်းက နယူးကာဆယ် ၊ ဘန်လေ ၊ ဂျာရတ် မရှိတဲ့ ဗီလာနဲ့ လက်စတာတို့ကို အိမ်ကွင်းမှာ အနိုင်ယူထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုအသင်းတွေကို အနိုင်ရရုံနဲ့ အာဆင်နယ်အသင်းက တိုးတက်လာပြီလို့ မပြောချင်ပါဘူး။ တပတ်ကို တပွဲပဲ ကစားရတဲ့ အခြေအနေမှာ အခုလို နိုင်ပွဲတွေ ရယူနိုင်မယ် ဆိုတာ မှန်းဆထားပြီးသားပါ။ အခု ပြောရမယ့် အချက်က သူတို့ဟာ ထိပ်တန်းအသင်းတွေကို အနိုင်ယူနိုင်ဖို့ အတွက် အမှန်တကယ် တိုးတက်လာပြီလား ဆိုတာပါပဲ။ ကျွန်တော်ကတော့ အာဆင်နယ်အသင်း တိုးတက်လာလား ၊ မတိုးတက်လာဘူးလား ဆိုတာကို မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲကို ကြည့်ပြီးမှပဲ ဆုံးဖြတ်ချင်ပါတယ်။ အာဆင်နယ်အသင်းက သူတို့ထက် အင်အားကြီးတဲ့ အသင်းတွေနဲ့ ကစားရင် မရှုံးနိမ့်တာတောင် ခြေစွမ်းပိုင်း အပြတ်အသတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူတို့အသင်း အနေနဲ့ ထိပ်သီး လေးသင်းစာရင်းထဲ ဝင်နိုင်တယ် ဆိုတာကို သက်သေပြတာ မြင်ချင်ပါတယ်။ ကျွန်တော်က အာဆင်နယ် ပရိသတ် ဖြစ်သလို အာတီတာက သူ့ရဲ့အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်တယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူပြပြီးမှ တိုးတက်လာပြီ ဆိုတာကို သက်သေပြနိုင်မယ်လို့ ထင်ပါတယ်” လို့ ဆော်ဩ တိုက်တွန်းခဲ့တာပါ။