ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ကတော့ လတ်တလောမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ချီးကျူးခံနေရတဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး မဟုတ်သေးကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၉ပွဲဆက် ဂိုးသွင်းထားနိုင်ကာ စံချိန်သစ်ပေါင်း များစွာကို တင်ထားနိုင်သူပါ။

Photo Credit: Goal

မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ သွင်းဂိုးတွေထဲမှာလည်း တကိုယ်တော်ခြေစွမ်းနဲ့ သွင်းဂိုးတွေ အများအပြား ပါဝင်နေပါတယ်။

ဒါကြောင့် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်နဲ့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးမှုတွေ ပြုလုပ်ထားကြပြီး အွန်နရီကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ဟာ ဆာလာထက် ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

အွန်နရီက – “ အခုချိန်မှာ ဆာလာ သွင်းယူနေတဲ့ သွင်းဂိုးတွေက အတော်လေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီတချက်ထဲနဲ့ သူ့ကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ မပြောနိုင်ပါဘူး။ ခင်ဗျားတို့ လီဝမ်ဒေါစကီးကို မေ့နေတာလား။ ဘန်ဇီမာကို မေ့နေတာလား။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဆိုတာ နိုင်ငံအသင်း အတွက်ပါ အကောင်းဆုံး ခြေစွမ်းပြနိုင်တဲ့ ကစားသမားမျိုးကို ခေါ်တာပါ။ ဆာလာက အခုချိန်အထိ အီဂျစ်အသင်း အတွက် လောက်လောက်လားလား ခြေစွမ်းမပြနိုင်သေးပါဘူး။ ကျွန်တော်က ဆာလာကို သဘောကျပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတော့ မဟုတ်ပါဘူး” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့တာပါ။