ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ သီယာရီ အွန်နရီ ကတော့ ကစားသမားဘဝတုန်းက သူနဲ့ မကြာခဏ ဆိုသလို အချင်းများဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ဖြစ်နေဆဲပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်းထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ၄ပွဲ ပါဝင် ကစားထားချိန်မှာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ပွဲဦးထွက်မှာပဲ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁ပွဲကစားထားရာ သွင်းဂိုး ၁ဂိုး ရရှိထားပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အွန်နရီကတော့ ရိုနယ်ဒိုဟာ သူ ကစားခဲ့ဖူးတဲ့ အသင်းတိုင်းမှာ သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တာကြောင့် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပြီး ရိုနယ်ဒိုရဲ့ နောက်မှာတော့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ဟာ အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

အွန်နရီက – “ခင်ဗျားတို့က ရိုနယ်ဒိုကို ချီးကျူးဖို့ မေ့နေကြတယ် ထင်ပါတယ်။ ရိုနယ်ဒိုဟာ ချီးကျူးမှု များစွာနဲ့ ထိုက်တန်တဲ့ ကစားသမားတဦးပါ။ ဘာကြောင့်လဲ။ ဒီမေးခွန်းရဲ့ အဖြေက ရိုးရှင်းပါတယ်။ ပေါ်တူဂီအသင်းနဲ့ အခု ယူနိုက်တက်အသင်းမှာ သူ စွမ်းဆောင်ပြထားတဲ့ အရာတွေကြောင့်ပါ။ သူ့ရဲ့ ဂျူဗင်တပ် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ရရှိခဲ့တဲ့ ဂိုးသွင်းနှုန်းကို လိုက်မီတဲ့ ကစားသမား မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အထောင်တိုက်စစ်မှူးတွေ အကြောင်း ပြောရင် သူ့ကို လေးစားရပါမယ်” ဆိုပြီး ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။