ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်း တောင်ပံကစားသမားလေး မိုက်ခေးလို မူဒရစ်အနေနဲ့ အသင်းမှာ ပွဲကစားခွင့်တွေ များစွာ ရရှိဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ အားကောင်းလာဖို့ကိုသာ ဦးစားမပေးနေပဲ ဘောလုံးအပေါ်မှာ ပိုစိတ်ထားနှစ်သင့်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ကစားသမားလေး မူဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်ကမှ ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ရာသီဝက် ပွဲစဉ်တွေအတွင်း (၇)ပွဲလောက်သာ ပွဲထွက်ကစားခွင့် ရခဲ့ကာ ဒီရာသီမှာလည်း (၃)ပွဲအတွင်း လူစားဝင် ကစားသမားအဖြစ်သာ ကစားထားခဲ့ရပါတယ်။

Photo Credit : Football London

မူဒရစ်က ဒီရာသီမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ရုပ်ပိုင်းဆိုင်ရာ ပိုမို အားကောင်းမှုတွေ ရှိလာခဲ့ရသလို အသင်းရဲ့ အမေရိကန် ခြေစမ်းပွဲစဉ်အတွင်း သွင်းဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးရဲ့ တရားဝင်ပြိုင်ပွဲတွေအတွင်း အခုထိ သွင်းဂိုး မသွင်းယူနိုင်သေးပဲ ရုန်းကန်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အွန်နရီက “ဒါက ခင်ဗျားကို အံ့အားသင့်စရာ ဖြစ်သွားနိုင်တယ် ဆိုပေမယ့် ကျွန်တော်က Gym ကို တစ်ခါမှ မသွားဖူးဘူး။ လုံးဝကို မသွားခဲ့တာ။ ကျွန်တော်ကတော့ Gym မှာ ရှိနေရတဲ့ အချိန်တွေထက် ကွင်းထဲက မိနစ်တွေကိုပဲ ပိုတန်ဖိုးထားတယ်။ ဒါက ကျွန်တော့်တစ်ယောက်တည်းအတွက်ပဲနော်။”

Photo Credit : Football London

“ဒါကို မှားတယ် မှန်တယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပွဲချိန် (၈၉)မိနစ်လောက်အရောက် ဘားကင့်က ပင်နယ်တီ box ထဲ ရောက်နေချိန် ကျွန်တော် သူ့ဆီ ဘောလုံးဖြတ်တင်မှု လုပ်တာ လွဲသွားခဲ့မယ်ဆိုရင် ကျွန်တော် Gym သွားမှာ train နေမှာ မဟုတ်ဘူးလေ။”

“ကျွန်တော်ရဲ့ ဘယ်ခြေနဲ့ ပတ်သက်ပြီး လေ့ကျင့်နေတာတွေ ဖရီးကစ် ဒါမှမဟုတ် ကျွန်တော် လုပ်ရမယ့် အရာ ဘာပဲဖြစ်ဖြစ်ပေါ့ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးသာ လေ့ကျင့်နေပါလိမ့်မယ်။ ကျွန်တော် အဲ့ဒါကိုပဲ ပိုပြီး အလေးထားပါတယ်။ ကျွန်တော့်ကို ကွင်းထဲမှာပဲ ရှိနေစေရင် အဆင်ပြေပါပြီ။” လို့ အကြံပြုသွားခဲ့ပါတယ်။