ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပိန်လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာအသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း အွန်နရီ ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီပဲ ရရှိလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။

France Football Magazineက ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုဟာ ဘောလုံးလောကမှာ ဩဇာကိတ္တမ ကြီးမားတဲ့ ဆုတခု ဖြစ်ပြီး ရွှေဘောလုံးဆုကို ရတဲ့ ကစားသမားကိုလည်း နှစ်တနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ဘောလုံးနယ်ပယ်က လူတွေသာမက ပရိသတ်တွေကပါ သတ်မှတ်ထားကြပါတယ်။

Photo Credit: Give Me Sports

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကိုတော့ လာမယ့် တနင်္လာနေ့မှာ ပေးအပ် ချီးမြှင့်သွားဖို့ စီစဉ်ထားပြီး ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီနဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့က အဓိက ရေပန်းစားနေပါတယ်။

ပြင်သစ်ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ အွန်နရီကတော့ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို သူနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ မက်ဆီကပဲ ရရှိသွားမယ်လို့ ယုံကြည်ကြောင်း ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ရှုကာ သုံးသပ်ရတဲ့ အစီအစဉ်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Give Me Sports

အွန်နရီက – “ကျွန်တော်က ပြင်သစ်နိုင်ငံသား ဖြစ်လို့ ရွှေဘောလုံးဆုကို ပြင်သစ်နိုင်ငံသားကိုပဲ ပေးပါ ဆိုပြီး အစွဲကြီးနေလို့ မရပါဘူး။ ကျွန်တော်က ဘန်ဇီမာကို ရွှေဘောလုံးဆု ရရှိစေချင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို မက်ဆီပဲ ရသွားမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အာဂျင်တီးနားအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ရရှိထားတယ်လေ” လို့ ပြောကြားသွားတာပါ။