ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်အသင်းနဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ သီယာရီ အွန်နရီ ကတော့ ဘာစီလိုနာအသင်းမှာ သူနဲ့အတူ တွဲဖက် ကစားဖူးတဲ့ မက်ဆီ တယောက် ပြင်သစ်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာဟာ အထီးကျန်နေတာကြောင့် ဖြစ်ကြောင်း သုံးသပ် ဆွေးနွေးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ပေမယ့် လီဂူးဝမ်းပြိုင်ပွဲမှာတော့ သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးသလို ခြေစွမ်းပြနိုင်ဖို့ပါ ရုန်းကန်နေရပါတယ်။

Photo Credit: Mirror

ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲဟာ ကစားပုံ ကြမ်းတမ်းတဲ့ ပြိုင်ပွဲတွေထဲက တခု ဖြစ်တာကြောင့် မက်ဆီလို ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေတဲ့ ကစားသမား တဦး အတွက် အမြဲတမ်း ခြေစွမ်းပြဖို့ ခက်ခဲပြီး ပီအက်စ်ဂျီ အသင်းဖော်တွေနဲ့ မက်ဆီရဲ့ ကြားမှာ နားလည်မှုတွေ ရရှိဖို့ ခက်ခဲနေတာကိုလည်း မြင်တွေ့နေရပါတယ်။

ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ကစားခဲ့ဖူးသလို မက်ဆီနဲ့လည်း အတူတကွ တွဲဖက် ကစားဖူးတဲ့ ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးကြီး အွန်နရီကတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ သွင်းဂိုး ၃ဂိုး ရယူထားနိုင်ပေမယ့် သူ့ရဲ့ အသင်းဖော်တွေနဲ့ တွဲဖက် ကစားနိုင်ခြင်း မရှိသေးပဲ အထီးကျန်နေတဲ့ ပုံစံ ပေါက်နေကြောင်း အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

အွန်နရီက – “ မက်ဆီက အထီးကျန်နေတာပါ။ ပြီးတော့ သူက ဘောလုံးရတာလည်း နည်းနေပါတယ်။ မက်ဆီက ပီအက်စ်ဂျီအသင်းမှာ ကစားရလို့ ဝမ်းနည်းနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူ အထီးကျန်နေတာတော့ သေချာပါတယ်။ ကျွန်တော်ကတော့ မက်ဆီကို ကွင်းလယ်စည်းထဲ ပိုဝင်ပြီး ကစားစေချင်ပါတယ်။ သူ ညာတောင်ပံမှာ ကစားတာကို မြင်နေရလို့လည်း စိတ်မသက်မသာ ဖြစ်မိပါတယ်။ တကယ်ဆို မက်ဆီကို ကွင်းလယ်တိုက်စစ် နေရာမှာ ထားပြီး ကစားသင့်ပါတယ်။ ဒါဆိုရင် သူက ပွဲရဲ့ အရှိန်အဟုန်ကို လိုသလို ထိန်းပေးနိုင်ပါလိမ့်မယ်” လို့ သုံးသပ်သွားခဲ့တာပါ။