အာဆင်နယ်အသင်း ၊ ဘာစီလိုနာအသင်းတို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးကာ အောင်မြင်မှုအလီလီ ရရှိခဲ့ဖူးတဲ့ ပြင်သစ် ကစားသမားကြီး သီယာရီ အွန်နရီကတော့ တစ်ချိန်က သူ့ရဲ့ ပြိုင်ဘက်အသင်းကောင်းတစ်သင်း ဖြစ်ခဲ့ဖူးတဲ့ မန်ယူအသင်းမှာ အာဆင်နယ်အသင်း တစ်သင်းလုံး သတိထားကာ ကြောက်ရွံ့ခဲ့ရတဲ့ ကစားသမားတစ်ဦး ရှိတဲ့အကြောင်းကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အွန်နရီတစ်ယောက် အာဆင်နယ်အသင်းမှာ ရှိနေစဉ်ကာလမှာ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းတွေ့ဆုံတဲ့ ပွဲတိုင်းဟာ အကြိတ်အနယ် ရှိခဲ့သလို ပရိသတ်တွေ အတွက် လဲ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Photo Credit: Metro.com

လက်ရှိမှာတော့ ကစားသမားဘဝကနေ အနားယူထားသလို နည်းပြဘဝမှာ အောင်မြင်မှု တွေရဖို့ ရုန်းကန်လှုပ်ရှားနေတဲ့ အွန်နရီဟာ သူ အာဆင်နယ်အသင်းမှာ ရှိနေစဉ်ကာလမှာ အကြောက်ရဆုံး မန်ယူအသင်းသားဟာ သူနဲ့အတူ ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်ရလေ့ရှိတဲ့ နစ္စတယ်ရိုင်းမဟုတ်ပဲ ကွင်းလယ်လူ ပေါလ်စခိုးသာ ဖြစ်တယ်လို့ ဖွင့်ဟပြောကြားသွားခဲ့တာပါ။ ပေါလ်စခိုးဟာ မန်ယူအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူတစ်ဦးဖြစ်ပြီး ဗဟို ကွင်းလယ်လူတစ်ဦးအဖြစ် ကမ္ဘာ့ဘောလုံးစင်မြင့်ကို တက်လှမ်းလာခဲ့သူ ဖြစ်ကာ သူ့ရဲ့ အဝေးဘော ပေးပို့မှုတိကျတာတွေ ၊ ပြင်းထန်အားပါလှတဲ့ ဒုံးပျံကန်ချက်တွေနဲ့ အသင်းအတွက်လိုအပ်ရင် ကြမ်းကြမ်းတမ်းတမ်း ကစားတာတွေက စခိုးရဲ့ ဝိသေသတွေဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီမှာ ပေါလ်စခိုးရဲ့ ဗွီဒီယိုတွေကို ပြရတဲ့အထိ စခိုးလ်ရဲ့ သက်ရောက်မှု ဟာ ကြီးမားခဲ့ပါတယ်။

Photo Credit: Metro.com

အာဆင်နယ်အသင်းမှာ ရှိနေစဉ်က မန်ယူအသင်းနဲ့ တွေ့ဆုံတိုင်း ပေါလ်စခိုးကို ကြောက်ရတဲ့ အကြောင်းကို အွန်နရီက ” ကျွန်တော်တို့ မန်ယူအသင်းနဲ့ ဘယ်အချိန်မှာပဲ တွေ့တွေ့ ကြောက်ရတဲ့ ကစားသမားကတော့ ပေါလ်စခိုး ပါပဲ။ ကျွန်တော်တို့က သူနဲ့ပတ်သတ်ပြီး အရမ်းကို စိုးရိမ်ခဲ့ကြရပါတယ်။ ပြီးတော့ အာစင်ဝင်းဂါးကလည်း ကျွန်တော်တို့ကို သူ့အကြောင်းတွေ အဝတ်လဲခန်းထဲမှာ ပြောပြပြီး သတိပေးလေ့ ရှိပါတယ် ” လို့ ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါလ်စခိုးရော အွန်နရီရောဟာ ဘောလုံး ကစားသမားဘဝကနေ အနားယူထားကြပြီး ဖြစ်သလို နည်းပြဘဝထဲကို ရောက်ရှိဖို့အတွက် ကြိုးပမ်းနေကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ချိန် က မန်ယူအသင်းနဲ့အာဆင်နယ်အသင်းပွဲတွေကို ကြည့်ဖူးတဲ့သူများ ရှိမလားဗျ…။