အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အွန်နရီကတော့ လီဗာပူးလ်အသင်းရဲ့ ကစားပုံက မြန်လွန်းတာကြောင့် ကြည့်တာနဲ့တင် မောပန်းတယ်လို့ ထိထိမိမိ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁) ပွဲမှ မရှုံးသေးဘဲ (၂၆) ပွဲ ကစားပြီးရာမှာ (၂၅) ပွဲ အနိုင်ရထားပြီး မန်ယူအသင်းကိုသာ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယနေ့ည (၂း၃၀) အချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အနိုင်ရနိုင်ချေ အလွန် များပြားနေပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ကလပ် စံချိန်တင် ရမှတ် (၉၇) မှတ် ရရှိခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားနဲ့ လွဲချော်ခဲ့ပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကို ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနှစ်က အမှားကို ပြင်ဆင်ပြီး လက်ရှိရာသီကို ကစားလိုက်တဲ့ အချိန်မှာ မယုံနိုင်စရာ ခြေစွမ်းတွေကို ရရှိထားသလို ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ပါ သေချာနေပါပြီ။ အွန်နရီဟာ အာဆင်နယ်အသင်းနဲ့ အတူ ရှုံးပွဲမရှိစံချိန် တင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖလား ရရှိခဲ့ပြီး သူက လီဗာပူးလ်အသင်းရဲ့ မြန်နှုန်းမြင့် ကစားဟန်ကို ချီးမွန်းခန်း ဖွင့်သွားခဲ့ပါတယ်။

Photo Credit: Liverpoolecho

အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက “ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားကြတဲ့ အချိန်မှာ ကစားအား နဲ့ ကစားနှုန်းက အလွန် မြင့်မားပါတယ်။ ခင်ဗျားတို့လည်း မြင်ရမှာပါ။ လီဗာပူးလ်အသင်း ကစားတာကို ကြည့်တဲ့ အချိန်မှာ သူတို့ကို ကြည့်ရုံနဲ့တင် မောပန်းနေကြမှာပါ။ သူတို့ အသင်းက ကစားတာ အလွန် လျှင်မြန်ပါတယ်။ မန်စီးတီးအသင်းကို ကြည့်လိုက်ပြန်ရင်လည်း သူတို့ရဲ့ ပွဲစဉ်ကို ကြည့်လိုက်တာနဲ့ ပြိုင်ဘက်ကို စပြီးဖိကစားနေကြတာကိုပဲ မြင်နေရပါတယ်။ ပြိုင်ဘက်က ဘောလုံး ထိန်းလိုက်ပြီ ဆိုတာနဲ့ သူ့ရဲ့ အနားမှာ ကစားသမား (၃) ဦးလောက်က ဝိုင်းနေပြီသားပါပဲ။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ကစားအားက မြင့်မားပါတယ်”လို့ ပြောခဲ့ပါတယ်။