ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အွန်နရီကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အာဆင်နယ်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ဟာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အာဆင်နယ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် အသင်းတသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် အရည်အသွေးမြင့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ရှာဖွေနေတဲ့ အသင်းပါ။

Photo Credit: Metro

လက်ရှိမှာတော့ အာဆင်နယ်က မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အာဆင်နယ်က ဂါဘရီရယ် ဂျီးဆပ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် သုံးစွဲရဖို့ ရှိနေပါတယ်။

ဒါပေမယ့် အာဆင်နယ် ပရိသတ် တချို့နဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တချို့ကတော့ အာဆင်နယ်ရဲ့ လိုအပ်ချက်က အထောင်တိုက်စစ်မှူး နေရာသာ ဖြစ်ပြီး ဂါဘရီရယ် ဂျီးဆပ်ဟာ လက်ရှိ အာဆင်နယ် တိုက်စစ်မှူး မာတီနယ်လီလိုမျိုး အထောင်တိုက်စစ် နေရာမှာ ကစားနိုင်စွမ်း မရှိပဲ တောင်ပံတိုက်စစ် နေရာမှသာ ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်တာကြောင့် ဂျီးဆပ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား သဘောမကျကြပါဘူး။

Photo Credit: Metro

အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အွန်နရီကတော့ ဂျီးဆပ်ဟာ နံပါတ်၉ တိုက်စစ်မှူးစစ်စစ် တဦး မဟုတ်ကြောင်း ဝေဖန် သုံးသပ်မှုတွေကို လက်မခံပဲ ဂျီးဆပ်က နံပါတ်၉ တိုက်စစ်မှူး တဦး အဖြစ် ကစားနိုင်ကြောင်းကို သက်သေပြထားကြောင်း အချက်အလက်ကျကျ သုံးသပ်သွားခဲ့ပါတယ်။

အွန်နရီက – “ဂျီးဆပ်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘာတွေ ယူဆောင်လာပေးမလဲ ဆိုတာကို ကျွန်တော် သုံးသပ်ပြမယ်။ သူက ဝက်ဖို့ဒ်နဲ့ပွဲမှာ တယောက်ထဲ ၄ဂိုး အထိ သွင်းပြနိုင်ခဲ့ပါတယ်။ သူက တဖက် ဂိုးဧရိယာ အထဲမှာ ကစားပြနိုင်သလို ၊ တိုက်စစ်ပိုင်းမှာ ရှိတဲ့ သုံးနေရာစလုံးမှာ အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်စွမ်း ရှိသူပါ။ အဂူရို မရှိတော့တဲ့ အချိန်ထဲက သူဟာ နံပါတ်၉ တိုက်စစ်မှူး တဦးလိုမျိုး ကစားပြခဲ့တာပါ။ ကျွန်တော်ကတော့ သူ့ဆီမှာ နံပါတ်၉ တိုက်စစ်မှူး တဦးရဲ့ ခံစားနိုင်စွမ်းတွေ ရှိတာကို မြင်တွေ့နေရပါတယ်။ ပြီးတော့ ကျွန်တော်က သူနဲ့ ပတ်သတ်ရင် အမြဲတမ်းလိုလို ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်တဲ့ အချက်ကို သဘောကျပါတယ်။ သူက အထောင်တိုက်စစ်မှာပဲဖြစ်ဖြစ် ၊ ဘယ်တောင်ပံမှာပဲဖြစ်ဖြစ် ၊ ညာတောင်ပံမှာပဲဖြစ်ဖြစ် ပြိုင်ဘက်တွေကို အမြဲတမ်း ဖိအားပေး ကစားနိုင်တဲ့သူပါ။ ဒါကြောင့် သူက ခံစစ်ပုံစံမျိုး ဆော့ကစားတဲ့ အချိန်မှာလည်း အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဆော့ကစားနိုင်သူပါ” လို့ သုံးသပ်ပြသွားခဲ့တာပါ။