ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အွန်နရီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ်နည်းပြ အာတီတာရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်တန်း အားနည်းမှုတွေ ၊ တဦးချင်း အမှားတွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနိုင်ဂိုးကို ပြန်လည် ချေပဖို့ အတွက် မိနစ် ၂၀ကျော် အချိန်ရခဲ့ပေမယ့် လူစားလဲမှု အမှားတွေကြောင့် အသင်းရဲ့ ကစားပုံက ချေပဂိုး ရဖို့ အတွက် မလုံလောက်ခဲ့သလို လူစားဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ လာကာဇက်နဲ့ အန်ခီးတီးယားတို့ကလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

အွန်နရီက မန်ချက်စတာ ယူနိုက်တက်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေကာ ချေပဂိုး လိုအပ်နေချိန် အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အူဘာမီယန်းအား ပွဲကစားချိန် ၇၉မိနစ်မှာ လူစားလဲခဲ့တဲ့ နည်းပြ အာတီတာရဲ့ ဆုံံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး အူဘာမီယန်းကို လူစားလဲခဲ့တဲ့ အာတီတာဟာ အခြေအနေနဲ့ အချိန်အခါကို နားမလည်သေးဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

Photo Credit: Metro

အွန်နရီက – “ ကျွန်တော် နားမလည်နိုင်တာ တခုက ၃-၂နဲ့ ရှုံးနေတဲ့အချိန် ၊ ပွဲပြီးဖို့လည်း မိနစ် ၂၀လောက် လိုသေးတဲ့ အချိန်မှာ အသင်းခေါင်းဆောင် အူဘာမီယန်းကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ။ အူဘာမီယန်းက အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူးပါ။ ပြီးတော့ သူက အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဝေးကွင်းမှာ ၃-၂နဲ့ ရှုံးနေတဲ့အချိန် ၊ အသင်းကလည်း တဂိုး လိုနေတဲ့အချိန် ဂိုးသွင်းနိုင်တဲ့ အသင်းခေါင်းဆောင်ကို လူစားလဲတဲ့ ဖြစ်ရပ်မျိုးကို တခါမှ မမြင်ဖူးပါဘူး။ ဒါကြောင့် ဒီဆုံးဖြတ်ချက်က မှားတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။