အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီလို့ ဆိုလိုက်ရင် တစ်ချိန်က ပရီးမီးယားလိဂ်မှာ တစ်ဖက်ဂိုးသမားတွေ ၊ နောက်ခံလူတွေကို နာမည်ကြားရုံနဲ့ ထိတ်လန့် စေခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးကို အားလုံးပဲ သိရှိကြမှာပါ။ အွန်နရီဟာ ၁၉၉၉ခုနှစ်မှာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကနေ အာဆင်ဝင်းဂါး ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၁၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အာဆင်နယ်အသင်းရဲ့ သမိုင်းကြောင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။

Photo Credit: Metro

အွန်နရီဟာ အာဆင်နယ်အသင်းမှာ ရှစ်ရာသီကြာအောင် ကစားခဲ့ဖူးပြီး အသင်းအတွက် သွင်းဂိုး ၂၂၈ဂိုးအထိ သွင်းယူပေးခဲ့ကာ အသင်းရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားသူပါ။ အာဆင်နယ်အသင်းမှာ ကစားနေစဉ်အတွင်း အွန်နရီဟာ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ဖလားကို အရယူနိုင်ခဲ့သလို နောက်ထပ် ပရီးမီးယားလိဂ်ဖလားတစ်လုံးနဲ့ အက်ဖ်အေဖလားနှစ်လုံး စုစုပေါင်း ဆုဖလား လေးလုံးအထိ အရယူနိုင်ခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပေမယ့် အာဆင်နယ်အသင်းဆီကို မပြောင်းရွှေ့မီမှာ အာဆင်နယ်အသင်းရဲ့ မဟာပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ယူအသင်းထံကို အရင် ပြောင်းရွှေ့ချင်ခဲ့တာလို့ မန်ယူအသင်းရဲ့ တာဝန်ရှိသူဟောင်းတစ်ဦးက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ အကြောင်းအရာကို ဖွင့်ဟခဲ့သူက မန်ယူအသင်းရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ကယ်လီ ဖြစ်ပြီး ကယ်လီဟာ ဖာဂူဆန် ၊ ကန်တိုနာ ၊ ဘက်ခမ်းစတဲ့ မန်ယူအသင်းရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်တွေရဲ့ သက်တော်စောင့်အဖြစ် လုပ်ကိုင် ဖူးသူ တစ်ဦးပါ။ အွန်နရီတစ်ယောက် မန်ယူအသင်းထံကို ပြောင်းရွှေ့ချင်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ကယ်လီက BeIN Sports ကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ကယ်လီက ” ဖာဂူဆန်ရဲ့ သက်တော်စောင့်အဖြစ် ကျွန်တော် လုပ်နေတုန်းကပေါ့။ ပွဲတစ်ပွဲပြီးတဲ့ အချိန်မှာ ကျွန်တော့်ဆီကို ကန်တိုနာရဲ့အစ်ကိုဆီကနေ ဖုန်းဝင်လာခဲ့ပါတယ်။ ” ကယ်လီရေ… ဖာဂူဆန် ကို ပြောလိုက်ပါဦး။ အွန်နရီက မန်ယူအသင်းထံ ပြောင်းလာချင်နေတယ် ” ဆိုပြီး ကျွန်တော့်ကို လှမ်းပြောတာပါ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဘော့စ်(ဖာဂူဆန်)ကို အဲ့ဒီအကြောင်း လှမ်းပြောတာပေါ့။ အဲ့ဒီအချိန်မှာပဲ ဘော့စ်က ခပ်မြန်မြန် ပြန်ပြောခဲ့ပါတယ်။ ” ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက အမြဲတမ်း ဒဏ်ရာရနေတဲ့ကောင် ” ဆိုပြီးပေါ့။ အဲ့ဒီနောက်မှာ အွန်နရီက အာဆင်နယ် အသင်းဆီ ပြောင်းသွားတော့တာပါပဲ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။