ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ သီယာရီ အွန်နရီကတော့ ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်သွားခဲ့တဲ့ အသင်းနှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဘန်ဇီမာနဲ့ မာနေးတို့ နှစ်ဦးထဲက တဦးကသာ ရရှိသင့်ကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ယခုနှစ် ဘောလုံးရာသီမှာ ကစားသမား ၆ဦး အပြိုင်အဆိုင် ဖြစ်နေပြီး အဆိုပါ ကစားသမားတွေ ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ ၊ လီဗာပူး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလာနဲ့ မာနေး ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်တိုက်စစ် ကစားသမား ဒီဘရိုင်းနဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ ဖြစ်ကြပါတယ်။

Photo Credit: Talksports

အဆိုပါ ကစားသမား အားလုံးဟာ ယခုနှစ် ဘောလုံးရာသီမှာ သက်ဆိုင်ရာ အသင်းတွေနဲ့ ခြေစွမ်းကောင်းတွေ အသီးသီး ထုတ်ပြထားနိုင်သူတွေ ဖြစ်ကြပေမယ့် အွန်နရီက ရီးရဲလ်မက်ဒရစ်ကို လာလီဂါဆုဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားတဲ့ ဘန်ဇီမာနဲ့ ဆီနီဂေါနဲ့အတူ အာဖရိကဖလား ချန်ပီယံ ဖြစ်ထားသလို လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ထားတဲ့ မာနေးတို့ နှစ်ဦးကပဲ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူတွေ ဖြစ်ကြောင်း ယူဆနေပါတယ်။

ဒါကြောင့်ပဲ အွန်နရီက ဘန်ဇီမာနဲ့ မာနေးတို့ နှစ်ဦးထဲက တဦးကပဲ ရွှေဘောလုံးဆုကို ရရှိသင့်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Talksports

အွန်နရီက – “ခင်ဗျားတို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်သွားတဲ့ အသင်းနှစ်သင်းကို ကြည့်ပြီး ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတွေကို ရွေးချယ်လိုက်ရင် ဘန်ဇီမာနဲ့ မာနေးတို့ နှစ်ဦးကပဲ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ် ဆိုတာကို မြင်ရပါလိမ့်မယ်။ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ဒီဆုကို ရသွားမလဲ ဆိုတာက မှန်းရတော့ ခက်ပါတယ်။ အခုချိန်မှာ ဘန်ဇီမာက မာနေးထက် ရွှေဘောလုံးဆုကို ရဖို့ ပိုပြီး ရေပန်းစားနေပေမယ့် မာနေးကသာ လီဗာပူးနဲ့ ဆုဖလား ၄လုံး အထိ ရရှိခဲ့ရင် သူကလည်း ရွှေဘောလုံးဆု အတွက် ရေပန်းစားလာပါလိမ့်မယ်။ မာနေးသာ ရွှေဘောလုံးဆု ရသွားရင် ဒါက အာဖရိတိုက် အတွက် ဂုဏ်ယူစရာ ဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ ဘန်ဇီမာကိုပဲ ရွှေဘောလုံးဆု ပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဘန်ဇီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ထားနိုင်ကာ တဖက်မှာတော့ မာနေးက လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။