MySport Myanmar

စီးတီးက ဘာကြောင့် သူတို့တွေ ချန်ပီယံ ဖြစ်နေရလဲဆိုတာ ပြသသွားခဲ့တယ်လို့ အွန်နရီ ဆို

မန်ချက်စတာစီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပေမဲ့လည်း အဲ့ဒီ အခြေအနေတွေကပဲ သူတို့အသင်းအတွက် ဖိအားလည်း ဖြစ်စေသလို တွန်းအားလည်း ဖြစ်စေလာခဲ့ရတယ်လို့ အာဆင်နယ် ဂန္တဝင်ကစားသမားဟောင်းကြီး သီယာရီ အွန်နရီက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှု (၁၁၅)မှုနဲ့ စွဲချက်တင်ထားခံရပြီး ပြစ်ဒဏ်များစွာပါ ချမှတ်ခံရနိုင်တဲ့ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပေမဲ့လည်း အသင်းရဲ့ စိတ်ဓါတ်ပိုင်းတွေ ရလဒ်ပိုင်းတွေအပေါ် သက်ရောက်သွားခြင်း မရှိပဲ အမှတ်ပေးဇယားထိပ်က အာဆင်နယ်ကိုပါ အနိုင်ယူနိုင်ခဲ့တာကြောင့် အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဇယားထိပ်ကို ပြန်လည် တတ်လှမ်းခွင့်ပါ ရရှိသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေနဲ့ ပတ်သတ်ပြီး အွန်နရီက “ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အသင်းတွေဟာ ဘယ်အချိန်မှာမဆို သူတို့ရဲ့ ထိန်းချုပ်နိုင်မှုတွေကို အဆုံးရှုံးမခံကြဘူးလို့ ကျွန်တော် ခံစားမိတယ်။ မန်စီးတီးနဲ့ ပတ်သတ်ပြီး ခင်ဗျား အစမှာ မေးခွန်းတွေ မေးတယ်။ ကျွန်တော်က အာဆင်နယ်ကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အာဆင်နယ်အတွက် 2-1 လို့တောင် ပြောခဲ့ပါတယ်။ တကယ်လည်း အဲ့ဒီအတိုင်း ဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ ဒီညမှာ စီးတီးက ဘာကြောင့် သူတို့တွေ ချန်ပီယံ ဖြစ်နေရတာလဲဆိုတာရော ဘယ်အသင်းကမှ သူတို့ကို ကျော်ပြီး ဒီဆုဖလားကို မရယူနိုင်ဘူးဆိုတာကိုပါ ပြသသွားခဲ့တယ်”

Photo Credit : Daily Mail

“ဘဏ္ဍာရေးဆိုင်ရာတွေအတွက် ဒဏ်ရိုက်ခံရတာတွေ ဖြစ်လာလာ မဖြစ်လာလာ ဒီစွပ်စွဲချက်တွေကြောင့် ဒီအကြောင်းအရာတွေကနေ အဝတ်လဲခန်းအတွင်း စီးတီးကစားသမားတွေရဲ့ စိတ်ထဲကို တစ်ခုခု ထည့်ပေးလိုက်မိသွားလို့တောင် ကျွန်တော်ကတော့ ထင်မိပါတယ်” လို့ သူရဲ့အမြင်အတိုင်း ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး အွန်နီက စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ ပတ်သတ်ပြီးတော့လည်း “ပက်အနေနဲ့ ငါတို့အသင်း ချန်ပီယံ ဖြစ်လာမှာကို မဖြစ်စေချင်တဲ့ လူတိုင်း ငါတို့တွေက တကယ့် ချန်ပီယံတွေ ဖြစ်တယ်ဆိုတာ ပြလိုက်ကြရအောင် ဆိုပြီး ပြောဆိုနိုင်သလို တကယ်လည်း သူတို့တွေ ချန်ပီယံတွေလို ကစားသွားခဲ့တယ်” လို့ပါ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Exit mobile version