ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားကာ လက်စွမ်းပြနိုင်ခဲ့တဲ့ မန်ယူအသင်းရဲ့ လူငယ် ဂိုးသမားလေး ဟန်ဒါဆန်ဟာ ယနေ့ည မှာတော့ အသင်း အတွက် ပထမဦးဆုံး အကြိမ် ပါဝင် ကစားခွင့် ရရှိတော့မယ် လို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ဂိုးသမားလေး ဟန်ဒါဆန်ဟာ အရပ်အမြင့် ၆ပေ ၂လက်မ အထိ ရှိသူ ဖြစ်ပြီး မန်ယူအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂိုးသမား တစ်ဦး ဖြစ်တာကြောင့် အနာဂတ်မှာ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား တစ်ဦး ဖြစ်လာလိမ့်မယ် လို့ ထင်ကြေးပေး ခံထားရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာ ရှက်ဖီးလ် အသင်းနဲ့အတူ တောက်ပခဲ့တဲ့ လက်စွမ်းကောင်းတွေ ကိုသာ ဆက်လက် ထိန်းသိမ်း ထားနိုင်မယ် ဆိုရင် ဟန်ဒါဆန် အနေနဲ့ တစ်ချိန်ချိန်မှာ မန်ယူ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာ နိုင်ပါတယ်။
Photo Credit: Mirror
လက်ရှိ အချိန်မှာတော့ မန်ယူအသင်းဟာ ဒီဂီယာ ၊ ရိုမဲရိုး စတဲ့ ဝါရင့် ဂိုးသမားကောင်းတွေ ကို ပိုင်ဆိုင် ထားတာကြောင့် ဟန်ဒါဆန် အနေနဲ့ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာဖို့ အချိန်အခါကောင်း တစ်ခုကို စောင့်ဆိုင်းရဖွယ် ရှိနေပြီး မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှား ကတော့ လက်ရှိ ဘောလုံးရာသီ မှာ ဟန်ဒါဆန် ဟာ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်တယ် လို့ သတ်မှတ် ထားပါတယ်။ မန်ယူအသင်း ဟာ ယခုနှစ် ရာသီရဲ့ ပထမဦးဆုံး အဖွင့်ပွဲစဉ် အဖြစ် ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့် ထားခဲ့ပြီး ယနေ့ည မှာတော့ ရာသီသစ်ရဲ့ ဒုတိယပွဲစဉ် အဖြစ် လူတန်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်ကို ကစားရတော့မှာပါ။
Photo Credit: Mirror
ယနေ့ည ၁နာရီ ၄၅မိနစ် အချိန်မှာ ကစားမယ့် လူတန်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာတော့ မန်ယူအသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား က ဟန်ဒါဆန်ကို နေရာပေးဖို့ ဆုံးဖြတ်ထားတယ် လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက် နိုင်ခဲ့တာကြောင့် အခြား အသင်းတွေနဲ့ ယှဉ်ရင် နားရက် နည်းပါးခဲ့ပြီး လက်ရှိမှာတော့ ဆိုးလ်ရှားက လူတန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား တချို့ကို အနားပေးဖို့ စဉ်းစား နေပါတယ်။ လူတန်အသင်းဟာ မန်ယူအသင်းနဲ့ ယှဉ်ရင် နိမ့်ပါးတဲ့ အနေအထားမှာ ရှိတာကြောင့် ယနေ့ပွဲစဉ်မှာ မန်ယူအသင်း ကသာ အသာစီး ရသွားဖွယ် ရှိပြီး အစ်ဟာလို ၊ မာတာ ၊ ဖရက်ဒ် ၊ လင်ဂတ် ၊ ဟန်ဒါဆန်တို့က မန်ယူအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင် လာနိုင်ကြောင်း သိရှိရပါတယ် ခင်ဗျာ…။
https://youtu.be/qrHFqTYh8dg