လက်ရှိ ဘောလုံးရာသီအတွင်း ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားနဲ့လာရောက်ကစားနေရင်းနဲ့ သူရဲ့ပထမဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီတစ်ခုကို အကောင်းဆုံးလက်စွမ်းပြ ကာကွယ်မှုတွေနဲ့ ဖြတ်သန်းလို့နေတဲ့ အင်္ဂလန်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ဟာ နောက်တစ်ချိန်မှာတော့ သူရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ နံပါတ်တစ်ဂိုးသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်နည်းပြဖြစ်သူ ဆိုးလ်ရှားက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်ယူ-၂၁ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်ထားခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ယူနိုက်တက်စီနီယာအသင်းမှာ တစ်ပွဲမှ မပါဝင်ခဲ့ဖူးသေးပဲ စကော့သန်၊ ဂရင်စ်ဘီ၊ ရုရှဘူရီနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာသာ အငှားနဲ့ သွားရောက်ကစားနေရတာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးအသင်းမှာ (၂)ရာသီအထိ အငှားနဲ့ ပါဝင်ကစားခဲ့ရင်း အသင်းကို ပရီးမီးယားလိဂ်ဆီ တတ်လှမ်းနိုင်အောင် ကူညီပေးခဲ့သလို ဒီရာသီမှာလည်း ရှက်ဖီးကို ဥရောပဝင်ခွင့်နေရာလောက်ထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလိုစွမ်းဆောင်ရည်ကောင်းနေတဲ့ ဒင်းဟန်ဒါဆန်ကို ရှက်ဖီးအသင်းကနေ နောက်တစ်ရာသီ ထပ်မံအငှားခေါ်ယူချင်နေသလို ဥရောပအသင်းကြီးတွေကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့အတွက် ယူနိုက်တက်ဘက်ကနေ သူတို့ဂိုးသမားလေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန် ယူနိုက်တက်မှာ ဒေးဗစ်ဒီဂီယာက ပင်တိုင်ဂိုးသမားအဖြစ် ရှိနေသေးတာဖြစ်လို့ ဟန်ဒါဆန်ကို အသင်းမှာ နေရာပေးဖို့က ခက်ခဲနိုင်ပေမယ့် ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကတော့ ဂိုးသမားကောင်းနှစ်ယောက်ကို ပိုင်ဆိုင်ထားရချိန် အဲ့ဒီဂိုးသမားနှစ်ယောက်လုံးကို ပျော်ရွှင်အောင်လုပ်ပေးရမှာက သူ့အလုပ်မဟုတ်ပဲ ကစားသမားတွေရဲ့တာဝန်သာဖြစ်ကြောင်းနဲ့ သူတို့ကြိုးစားအားထုတ်မှုကနေတစ်ဆင့် နေရာရလာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားက “ဒီရာသီမှာ သူအရမ်းကို တိုးတတ်လာပြီး အတွေ့အကြုံလည်း ပိုများလာပါတယ်။ သူရဲ့လက်စွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါသေးတယ်။ ဒီလက်စွမ်းတွေက သူဟာ တစ်နေ့ အင်္ဂလန်နဲ့ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာရမယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။