လီဗာပူးလ်အသင်းရဲ့နည်းပြကြီး ယာဂင်ကလော့ပ်က သူတို့အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်ဟာ သူရဲ့ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့က အချိန်အားဖြင့် ရက်သတ္တပေါင်းများစွာ ကြာမြင့်နေဦးမှာဖြစ်တဲ့အတွက် အသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေအပြင် မကြာခင်မှာ ကျင်းပတော့မယ့် ယူရိုပြိုင်ပွဲကြီးကိုပါ လွဲချော်ရဖွယ် ရှိနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : CaughtOffside

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ ပေါင်ခြံဒဏ်ရာ ခံစားနေရတာကြောင့် မတ်လဆန်းပိုင်းကနေစတင်ပြီး အသင်းရဲ့ပွဲစဉ်တွေကို တောက်လျှောက်လွဲချော်လာခဲ့ရာ အခုထိ ပြန်လည်မကစားနိုင်သေးတဲ့အပြင် အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို ပါဝင်ဆင်နွဲနိုင်ဖို့တောင် မလွယ်ကူတော့တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။ ယူရိုပြိုင်ပွဲကလည်း စတင်ကျင်းပဖို့က တစ်လစွန်းစွန်းလေးသာ ကျန်ရှိနေတော့တဲ့အချိန်မှာ ဟန်ဒါဆန်အနေနဲ့ ဒဏ်ရာကနေ အချိန်မီ မသက်သာနိုင်ဘူးဆိုရင် အင်္ဂလန်ဘက်ကလည်း ဟန်ဒါဆန်ကို လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်လာရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : The Sun

ဟန်ဒါဆန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကလော့ပ်က “ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ကစားသမားတစ်ယောက်အနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်ပြီးမပါဝင်ရသေးခင် လုပ်ဆောင်ရဖို့ လိုအပ်နေသေးတဲ့ အရာတွေ များစွာရှိနေပါသေးတယ်။ အခု အသင်းမှာ ဒဏ်ရာရရှိနေတဲ့ ကစားသမားတွေက ဒီလိုကိစ္စတွေအထိ ရောက်ရှိဖို့ဆိုတာ တော်တော်လိုပါသေးတယ်” လို့ ပြောဆိုခဲ့သလို ဟန်ဒါဆန်က တခြားသော ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် မာတစ် ဂိုးမက်ဇ်တို့နဲ့အတူ အပြေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာဟာ အသင်းအတွက် ပြန်ကစားနိုင်ဖို့ အဆင့်သင့်ဖြစ်နေတာမျိုးမဟုတ်ပဲ ဒါဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းခါစ ပထမခြေလှမ်းသာ ဖြစ်တယ်လို့ ကလော့ပ်က ရှင်းပြသွားခဲ့ပါတယ်။ ဒါ့အပြင် ကလော့ပ်က သူတို့အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်ဖို့ မလွယ်ကူတော့ပေမယ့် ဘယ်ပြိုင်ပွဲကိုပဲရောက်ရောက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးနဲ့ (၄)မှတ်အထိ ကွာဟလို့နေပါတယ်။