ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးကနေ ဆော်ဒီကလပ် အယ် အက်တီဖတ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်က သူဟာ ငွေကြေး တခုထဲကြောင့် ဆော်ဒီမြေဆီ ပြောင်းရွှေ့ ကစားခဲ့တာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဟန်ဒါဆန်က လီဗာပူးရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ယူခဲ့ရသူ ဖြစ်ပေမယ့် သူ့ရဲ့ အသင်းဖော်ဟောင်း ဂျာရတ် ကိုင်တွယ်နေတဲ့ အက်တီဖတ်ရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ လီဗာပူးကို စွန့်ခွာကာ အက်တီဖတ်ဆီ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Mundo Deportivo

ဟန်ဒါဆန်က အက်တီဖတ်နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး အက်တီဖတ်က ဟန်ဒါဆန်ကို တပတ် လုပ်ခလစာ ယူရို ၅သိန်း ၊ ၆သိန်း ဝန်းကျင် ပေးချေနေသလို ဟန်ဒါဆန်အတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁၄သန်း ပေးချေခဲ့ရပါတယ်။

ဟန်ဒါဆန်က လီဗာပူးမှာ ပေါင် ၁သိန်းခွဲနဲ့ ၂သိန်းကြား ပမာဏ တရပ်သာ ရရှိနေတာကြောင့် ဟန်ဒါဆန်ဟာ အက်တီဖတ်ဆီ ငွေကြေးကြောင့် ပြောင်းရွှေ့ခဲ့တာပါ ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: The Times

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟန်ဒါဆန်က သူဟာ ငွေကြေးကြောင့် အက်တီဖတ်ဆီ ပြောင်းရွှေ့ ကစားခဲ့တာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဟန်ဒါဆန်က – “လူတွေကတော့ အက်တီဖတ်က ငွေကြေး အမြောက်အမြား ပေးလို့ ဒီကောင် အသင်းပြောင်းသွားတာလို့ ထင်ကြပါလိမ့်မယ်။ ကျွန်တော်က လီဗာပူးကို စွန့်ခွာပြီး အက်တီဖတ်ဆီ ပြောင်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ငွေကြေးကြောင့် အက်တီဖတ်ဆီ ပြောင်းခဲ့တာ မဟုတ်ပါဘူး။ လူတွေက ကျွန်တော့်ကို ယုံချင်ယုံ ၊ မယုံချင် နေပါ။ ကျွန်တော့်ရဲ့ ဘဝမှာ ဘယ်တုန်းကမှ ငွေကြေးကြောင့် လုပ်ခဲ့တဲ့ ကိစ္စမျိုး မရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။