လက်ရှိအချိန်မှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပြည်တွင်းရဲ့ အဆင့်မြင့်တန်း အမှတ်ပေး ချန်ပီယံဆုဖလားကို ပြန်လည် ရရှိဖို့ နီးစပ်နေတဲ့ အသင်းကတော့ ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်းပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်း ဟာ ၁၉၈၉-၁၉၉၀ ခုနှစ်မှာ ပြည်တွင်း ချန်ပီယံ ဆုဖလားကို ရရှိခဲ့ပြီးနောက်မှာ နှစ်ပေါင်း ၃၀ ကြာအောင် အမှတ်ပေးဖလားကို ပြန်လည် ရရှိခြင်း မရှိတော့ပဲ လက်ရှိ ဘောလုံးရာသီဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာတော့ အံ့မခန်းခြေစွမ်းတွေနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့်၁နေရာမှာ ရပ်တည်နေခဲ့ပြီး အမှတ်ပေး ဖလားကို ရရှိဖို့​ နောက်ထပ် နှစ်ပွဲသာ အနိုင်ရဖို့ လိုအပ်ပါတော့တယ်။ ယခုလို လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို နောက်ကွယ် ကနေ ထောက်ပံ့ပေးထားသူကတော့ အသင်း ခေါင်းဆောင် ဟန်ဒါဆန်ပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အသက်၂၉နှစ်အရွယ် အင်္ဂလန်နိုင်ငံသား ဟန်ဒါဆန်ဟာ လက်ရှိရာသီမှာ လီဗာပူး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားထားနိုင်သူဖြစ်ပြီး အသင်းအနေနဲ့ ရှုံးနိမ့် နေချိန်တွေမှာ အသင်းသားတွေ စိတ်ဓာတ် တက်ကြွလာအောင် ဦးဆောင်လေ့ရှိသလို အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း လိုအပ်တဲ့ အချိန်တိုင်း သွင်းယူပေးတတ်သူပါ။ ဒါ့ကြောင့် လက်ရှိရာသီမှာ ဟန်ဒါဆန်ရဲ့ ခြေစွမ်းကောင်းတွေကို အသိအမှတ်ပြုသူ အများအပြား ရှိလာခဲ့ပြီး ဟန်ဒါဆန်ကိုလည်း လီဗာပူးအသင်းသမိုင်း မှာ အကောင်းဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေက လက်ခံထားကြပါတယ်​။ ဟန်ဒါဆန်ကတော့ သူ့ရဲ့ အသင်းဖော်တွေ စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးတဲ့ နေရာမှာ သူအသုံးပြုတဲ့ နည်းစနစ် တစ်ခုကို အင်တာဗျူးတစ်ခုမှာ ပြောပြလာခဲ့ပါတယ်။

Photo Credit: Metro.com

အဆိုပါနည်းစနစ်ကတော့ တစ်ဖက်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ အင်္ကျီလဲလေ့ မရှိတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်းက စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်း ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့ပြီးနောက် ဟန်ဒါဆန်ဟာ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မက်ဆီနဲ့ အင်္ကျီလဲဖို့ အခွင့်အရေးရခဲ့ပေမယ့် ဘာ့ကြောင့်မလဲခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဟန်ဒါဆန်က သူ့ရဲ့ အလေ့အကျင့်ကို ပြောပြခဲ့တာပါ။ ဟန်ဒါဆန်က ” ကျွန်တော်က မက်ဆီနဲ့အင်္ကျီလဲဖို့ ဆန္ဒလုံးဝကို မရှိခဲ့တာပါ​။ ဒီလိုမျိုးကိုလဲ ကျွန်တော် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော် ဆန်းဒါးလန်းမှာ ရှိနေတုန်းက ရိုင်ကိန်းပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ မင်းက တခြားလူတစ်ဦးနဲ့ အင်္ကျီလဲဖို့ စဉ်းစားထားရင် မင်းက အဲ့ဒီလူရဲ့ ခြေစွမ်းကို အရမ်းသဘောကျနေလို့ ဆိုပြီး ဝန်ခံတာနဲ့ တူတယ်ဆိုတဲ့ စကားပါ။ ဒီစကားကို ကျွန်တော် အပြည့်အဝ လိုက်နာနေပါတယ် ” လို့ ဖွင့်ဟခဲ့တာပါ။