ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ တက်သစ်စ ဂိုးသမားလေး ဒင်းဟန်ဒါဆန် ကတော့ အသင်းနဲ့အတူ နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပြီး လာမယ့် ဘောလုံးရာသီမှာ မန်ယူအသင်းနဲ့အတူ ရှိနေကာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ဒေးဗစ် ဒီဂီယာနဲ့ အပြိုင်လုဖို့ စဉ်းစားထားတယ် လို့ အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြသွားကြပါတယ်။ အသက်၂၃နှစ်အရွယ် အင်္ဂလန် ဂိုးသမားလေး ဟန်ဒါဆန်ဟာ မန်ယူအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ် လာတဲ့ ဂိုးသမားတစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ ရှက်ဖီးလ်ယူနိုက်တက် အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ထိပ်တန်းအဆင့် လက်စွမ်းကို ပြသနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းတွေရဲ့ စောင့်ကြည့်မှုကို ခံနေရသူ တစ်ဦးပါ။

Photo Credit: Sky Sports

ဟန်ဒါဆန်ဟာ မန်ယူအသင်းနဲ့အတူ ၂၀၂၂ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးသူ ဖြစ်ပေမယ့် မန်ယူအသင်းဘက်က အလားအလာ ရှိတဲ့ ဟန်ဒါဆန်လို လူငယ် ဂိုးသမားကို နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုကာ အသင်းမှာ နေရာပေးသွားဖို့ စဉ်းစားနေပြီး လက်စွမ်းတွေ တရိပ်ရိပ် ကျဆင်းလာတဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို ဖိအားပေးဖို့ အတွက် လာမယ့် ဘောလုံးရာသီမှာ ဟန်ဒါဆန်ကို အငှားမချတော့ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ စဉ်းစားနေပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြမှုအရ ဟန်ဒါဆန်ဟာလည်း ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ မန်ယူအသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားပြီး အသင်းနဲ့အတူ နှစ်ရှည်စာချုပ် သာ ချုပ်ဆိုပြီးသွားပါက အငှားထွက် မကစားတော့ပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ဒီဂီယာနဲ့ အပြိုင်လုသွားဖို့ စဉ်းစားနေတယ် လို့ သိရပါတယ်။

Photo Credit: Sky Sports

ဟန်ဒါဆန်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ပွဲအထိ ပါဝင် ကစားပေးခဲ့ရာမှာ ၃၃ဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး ဂိုးမပေးရတဲ့ပွဲစဉ် ၁၃ပွဲအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဒါဆန်ဟာ ပင်နယ်တီ ကာကွယ်မှုတစ်ကြိမ်ကိုလည်း ပြုလုပ် နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဟန်ဒါဆန် ဟာ မန်ယူအသင်းမှာ ဆက်နေဖို့ စဉ်းစားထားပေမယ့် သူသာ အသင်းကနေ အငှားနဲ့ ထပ်မံ ထွက်ကစားမယ် ဆိုပါက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ် အသင်းတွေဟာ အများအပြား ရှိနေကြတယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ မန်ယူအသင်းနည်းပြ ဖြစ်သူ ဆိုးလ်ရှား ကတော့ လာမယ့် ဘောလုံးရာသီမှာ ဟန်ဒါဆန်ကို နေရာပေးသွားဖို့ စဉ်းစားနေပြီး အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားဖြစ်သူ ရိုမဲရိုးကိုတော့ အသင်းမှာ ဆက်နေမလား ၊ ဒါမှမဟုတ် ထွက်သွားမလား ဆိုတာကို ရွေးချယ်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။