ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်ရမှတ်နဲ့ အရယူနိုင်ဖို့ ပရိသတ်တွေရဲ့ မျှော်လင့်ခြင်းကို ခံထားရတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့အပြီး ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်မယ့် အိမ်မက်နဲ့ ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ လက်ရှိဘောလုံးရာသီမှာ သရေပွဲတစ်ပွဲ ၊ ရှုံးပွဲ တစ်ပွဲသာရှိကာ ကျန်တဲ့ပွဲစဉ်တွေအားလုံးကို အနိုင်ကစားထားနိုင်တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ရမှတ်အများဆုံးနဲ့ ဆုဖလားရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ဖို့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Metro.com

ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်အပြီးမှာ ချယ်လ်ဆီးအသင်းကိုပါ အက်ဖ်အေဖလားမှာ ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ဖိအားတွေအောက်ကို ကျရောက်နေပြီး ယနေ့ညမှာ ကစားရမယ့် ဘုန်းမောက်အသင်းနဲ့ပွဲမှာ နိုင်ပွဲရရှိဖို့ အရေးကြီးနေပါတယ်။ ဒီအချိန်မှာ လီဗာပူးလ်အသင်းအတွက် အနည်းငယ် စိုးရိမ်စရာကောင်းတဲ့ မှတ်တမ်းတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် မပါဝင်ခဲ့တဲ့ ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်းဟာ နိုင်ပွဲရရှိမှု ရာခိုင်နှုန်း နည်းပါးနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို ရှုံးခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒဏ်ရာပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး လက်ရှိမှာ အနားယူနေရသူပါ။

Photo Credit: Metro.com

ဟန်ဒါဆန် အနားယူနေတဲ့ ကာလအတွင်းမှာ လီဗာပူးလ်အသင်းဟာ ဝက်ဟမ်း ၊ ဝက်ဖို့ဒ် ၊ ချယ်လ်ဆီးစတဲ့ အသင်းသုံးသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ဝက်ဟမ်းကို နောက်ကျဂိုးတွေနဲ့ ကပ်နိုင်တဲ့ပွဲကလွဲရင် ကျန်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာ ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ ဟန်ဒါဆန်ပါဝင်ကစားနိုင်ခဲ့တဲ့ ၄၂ပွဲမှာ လီဗာပူးလ်အသင်းဟာ ၈၂ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ပြီး ဟန်ဒါဆန် မပါဝင်နိုင်ခဲ့တဲ့ ၁၂ပွဲမှာတော့ ၅၂ရာခိုင်နှုန်းသာ နိုင်ပွဲရရှိခဲ့ပါတယ်​။ ဒီအချက်အလက်တွေကြောင့် ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းရဲ့ အရေးအပါဆုံးကစားသမား ဖြစ်တယ်ဆိုတာကို သိရှိနိုင်ပြီး ယနေ့ညပွဲမှာရော ဟန်ဒါဆန်မပါဝင်နိုင်တဲ့ အခြေအနေမှာ လီဗာပူးလ်အသင်းက လွယ်ကူစွာ အနိုင်ရရှိပါ့မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။